e hënë, 6 prill 2009

Suu and Bill Richardson talk ( 06

ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၆) ၀ါရှင်တန်အနီးတ၀ိုက်တွင်နေထိုင်သော မြန်မာအတိုက်အခံခေါင်းဆောင်၂ဦး (ဓာတ်ပုံ - getty image)


မစ္စတာရစ်ချဒ်ဆန်။ ။ မြန်မာနိုင်ငံကို ခင်ဗျား ဘယ်လို မျှော်မှန်းထားသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမရဲ့ မျှော်မှန်းချက်က အခရာမဟုတ်ပါဘူး။ ကျမဟာ ဟန်ပြပုဂ္ဂိုလ် အဖြစ်နဲ့ ရောင့်ရဲနေပါပြီ။ နောက်ပြီး ကျမဟာ မြန်မာနိုင်ငံ မဟုတ်ပါဘူး။ လုပ်နိုင်ကိုင်နိုင်စွမ်း အလွန်ရှိကြတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့ချုပ် ထဲမှာရော နိုင်ငံအတွင်းမှာ ပါရှိကြပါတယ်။ လက်ရှိ အဖွဲ့ချုပ် ထဲမှာတောင် လူတော်လူကောင်းတချို့ ရှိနေပါတယ်။ ကျမဆီကို ရှင် လာရောက်လည်ပတ်တာဟာ အတော့်ကို ထူးခြားမယ် အရေးပါမယ်လို့ နဝတကတော့ ယူဆမှာပါပဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ ကျနော် အင်းစိန်ထောင်ထဲသွားပြီး တခြား နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံခွင်ရဖို့ မေတ္တာရပ်ခံထားပါတယ်။ ကျနော်က သူတို့ကိုယ်စား စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက သင်္ကေတ ဖြစ်နေတယ်။ တကယ်တော့ ခင်ဗျားဟာ မြန်မာနိုင်ငံပါပဲ။ ခင်ဗျားနိုင်ငံရဲ့ အနာဂတ်က ဘာဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ ရည်မျှော်တဲ့ မြန်မာနိုင်ငံဟာ ဆိုရင် ပြဿနာတွေကို တဦးနဲ့တဦး တွေ့ဆုံ ပြောဆိုကြပြီး ဖြေရှင်းနိုင်ကြတဲ့ နိုင်ငံမျိုးကို မြင်လိုပါတယ်။ ဒီမိုကရေစီစနစ်ဟာ ပြဿနာ အားလုံးကို ဖြေရှင်းပေးမှာတော့ မဟုတ်ဘူး။ အဲဒါကို ကျမ အမြဲပဲ ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီစနစ် တည်ထောင်တယ် ဆိုတာက ပြဿနာတွေ ရှင်းနိုင်ဖို့ အစပြုတာပဲ ရှိသေးတယ်။ ဒီမိုကရေစီနစ်ဟာ ပြီးပြည့်စုံတဲ့ စနစ် တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစနစ်ဟာ စမ်သပ်ပြီးသမျှ တခြားစနစ်တွေ ထက်တော့ အပုံကြီး ပိုကောင်းပါတယ်။

လွတ်လပ်တဲ့ ဒီမိုကရေစီနစ်မှာ လူတွေဟာ စကားပြောဖို့ အရင် စဉ်းစားကြပြီး တိုက်ဖို့ခိုက်ဖို့ကို နောက်ဆုံးကျမှသာ စဉ်းစားကြပါတယ်။ အကယ်၍ တိုက်ခိုက်တာကို အရင်ဆုံး ပြုလုပ်မယ်ဆိုရင်တော့ နောက်ဆုံး ခြေကုန်လက်ပန်းကျတာနဲ့ပဲ အဆုံးသတ်သွားကြပါလိမ့်မယ်။ ပါလီမန်ဆိုတဲ့ စကားလုံးဟာ (ပြင်သစ်ဘာသာစကားအရ) စကားပြောခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ စကားပြောဆိုကြတာက ပြိုင်ဆိုင် အော်ဟစ်နေကြတာထက် ကောင်းပါတယ်။ ပြိုင်ဆိုင် အော်ဟစ်နေကြတာက တဘက်နဲ့ တဘက် ပစ်ခတ် ကြတာထက် ပိုကောင်းပါတယ်။

ဒီမိုကရေစီကို ကျမ အာရှပုံစံ၊ မြန်မာပုံစံ စသဖြင့် ရနိုင်ပါတယ်။ ဘယ်ပုံစံဖော်ဖော် အဲဒီနိုင်ငံအတွက် သီးခြားပုံစံ ဖြစ်သွားမှာပါပဲ။ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်မှာ ဆိုရင် ဗြိတိနိုင်ငံနဲ့ မတူပါဘူး။ ကွာခြားချက်တွေကတော့ ရှိနေမှာပါ။ ဒါပေမယ့် ဒီမိုကရေစီ အခြေခံမူ သဘောတွေကတော့ ရှိနေရမှာဖြစ်ပါ။ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” က နှစ်ပေါင်းများစွာ ကျမတို့ အပေါ် ဖိစီးဖူးလို့ နဝတက ဖော်ဆောင်နေတဲ့ “မြန်မာ့ဒီမိုကရေစီလမ်းစဉ်” နဲ့ ဖိစီးဦးမှာကိုတော့ ကျမက ခုအချိန်မှာ ခပ်လန့်လန့် ဖြစ်နေပါတယ်။

အယူအဆမတူတဲ့ ကွဲပြား ခြားနားချက်တွေကို လူတွေဟာ မကြောက်မရွံ့ဘဲ ဖြေရှင်းနိုင်ကြမယ့် နိုင်ငံမျိုးကို ကျမ ဖြစ်စေချင်ပါတယ်။ မျက်နှာပျက်ရမှာ၊ မျက်နှာနာရမှာမျိုး အတွက် ကြောက်ရွံ့စိုးရိမ်မှု ကင်းတဲ့ တိုင်းပြည်မျိုး ဖြစ်စေချင်ပါတယ်။ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ လုပ်ရတာမျိုး ရှိမယ်၊ ဒါပေမယ့် သဘောတူညီချက် တရပ်ရပ်တော့ အမြဲတမ်း ဖြစ်လာနိုင်ပါတယ်။ ယုံကြည် စိတ်ချရမှုဆိုတဲ့ အချက်ဟာ အခရာ အကျဆုံး အဓိက သော့ချက်ဖြစ်ပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ ကနဦး တွေ့ဆုံ ဆွေးနွေးပွဲကို ဘယ်လိုပုံစံ ဘယ်လိုသဏ္ဍာန်မျိုး ဖြစ်သင့်တယ်လို့ အကြံပြုချင်သလဲ၊ နှစ်ဦးနှစ်ဘက် ပုံစံလား (ကြားခံတဦးခံပြီး) သုံးပွင့်ဆိုင်ပုံစံလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကနဦး တွေ့ဆုံပွဲမှာ တဦးကိုတဦး ယုံကြည်စိတ်ချရမှု တည်ဆောက်ကြရမှာမို့ ပါဝင်ကြသူတွေ ပြောဆိုကြတဲ့ စကားလုံးတွေအပေါ် ယုံကြည်စိတ်ချရဖို့ လိုပါတယ်။ စိတ်ကောင်း စေတနာတွေလည်း ပါလာမှာပေါ့။ တဦးက ပြောဆိုတဲ့ စကားရပ်တွေကို တဦးက တကယ်ပဲ ယုံကြည်တယ် စိတ်ချတယ် ဆိုရင်တော့ ခင်မင်မှုနဲ့ စေတနာ သဒ္ဒါတရားတွေဟာ ဖြစ်ထွန်းလာကြမှာပါပဲ။ ဒီနောက်တော့ ရိုးရိုးစင်းစင်း သဘောတွေနဲ့ အပေး အယူ အလျှော့ အတင်းတွေ လုပ်ကြဖို့ ဖြစ်လာမှာပေါ့။ ၁၉၈၉-၁၉၉၅ ထိန်းသိမ်းခံရစဉ်ကတွေ့ရသော ဒေါ်စု နှင့် စစ်ခေါင်းဆောင်တချို့(ဓာတ်ပုံ-MNA)


“ခင်ဗျားကို သိပ်မုန်းတယ်”လို့ ကျမကို ဗြောင်ဖွင့်ပြောပြီး ပြောသလိုကျင့်သုံးတာကို လက်ခံနိုင်သေးတယ်။ လိမ်ညာ လှည်ဖြား ပြောဆိုတာကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။

ဒါပေမယ့် ယုံကြည် စိတ်ချရမှုဟာ အနိမ့်ဆုံး အဆင့် တဆင့် လောက်မှာသာ ရှိမှ မေတ္တာစေတနာ သဒ္ဒါတရား ပွားများနိုင်မယ့် အခြေအနေမျိုးကို ရောက်နိုင်မှာပါ။ ကျမ တဦးတည်းတော့ မဟုတ်ပါဘူး။ ကျမတို့အားလုံး ဒီမိုကရေစီကို လိုချင်ကြပါတယ်။ အဓိပ္ပာယ်ကတော့ အများစုရဲ့သဘောအမြင်များကို အလေးထားဂရုပြုကြမယ့် စနစ်ပါ။ NLD ရဲ့ အစိတ်အပိုင်းတွေနဲ့ ကျမ အဆက်အသွယ် ပြတ်နေခဲ့ပါတယ်။ ကျမအမြင်ကတော့ လုပ်ငန်းစကတည်းက ကျမတို့ဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေအတိုင်း အကောင်အထည်ဖော် ကျင့်သုံးကြဖို့ လိုလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။ “ကရုဏာသခင်အာဏာစနစ်” မျိုးတော့ မဟုတ်ဘူးပေါ့ရှင်။ ဒီမိုကရေစီစနစ် ဆိုတာ လောကနိဗ္ဗာန်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းကို သူတို့ အကောင်းဆုံး ကြိုးစား ဖန်တီးနိုင်ကြဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးထားတဲ့စနစ်ပါ။

မစ္စတာရစ်ချဒ်ဆန်။ ။ သမ္မတကြီးကလင်တန်က ခင်ဗျားဟာ အောက်စ်ဖို့ဒ်တက္ကသိုလ် တက်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။ ဒါပေမယ့် ခင်ဗျားက သူ့အရင် တက်သွားခဲ့သူလို့လည်း ပြောပြပါတယ်။ သူက ခင်ဗျားကို နှုတ်ခွန်းဆက်သလိုက်ကြောင်းနဲ့ အကောင်းဆုံးတွေ ဖြစ်ထွန်းပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ကြောင်း ကျနော့်ကို တဆင့်စကား ပါးခိုင်းလိုက်ပါတယ်။ သူဟာ လူတော်လူကောင်း တယောက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ပိုပြီး တိုးတက် လာအောင် ကြိုးစား ပြောင်းလဲနေသူ တဦး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ နောက်ပြီး သူ့မှာ ဇနီးကောင်းတယောက်လည်း ရှိနေတယ်လေ။

မစ္စတာရစ်ချဒ်ဆန်။ ။ သမ္မတကြီး ကလင်တန်က အပြည်ပြည်ဆိုင်ရာ ကဏ္ဍမှာ ဦးစားပေး ရည်မှန်းချက်သုံးရပ်ကို ပြဌာန်းထားပါတယ်။ ကုန်သွယ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူအခွင့်အရေး ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တင်းမာတဲ့ မူဝါဒနဲ့ ကုန်သွယ်ရေးအခွင့်ထူးခံစားချက်တွေမှာ တရုတ်ပြည်ကို ကိုင်ထားပါတယ်။ ကုလသမဂ္ဂမှာဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ဖြစ်ထွန်းလာဖို့ အမေရိကန်ပြည်ထောင်စုက ထက်ထက်သန်သန် တွန်းအားပေး ဖန်တီးခဲ့ပါတယ်။ အဲဒီကော်မရှင်မှာ မဟာမင်းကြီး ခန့်ထားခံရတဲ့ သံအမတ်ကြီး အာယာလာဆိုက ခင်ဗျားကို လာတွေ့ချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူ့အလာကို ကြိုဆိုလျက်ပါရှင်။ အကျိုးအကြောင်း ဆီလျော်ရင် ဘယ်သူကိုမဆို တွေ့လိုပါတယ်။ လူတွေနဲ့ တွေ့ဖို့ ပိတ်ပင် တားဆီးနေတာက ကျမ မဟုတ်ပါဘူး။ ရှင့်ကို ကျမနဲ့ ဘာကြောင့် လာတွေ့ခွင့်ပေးပါလိမ့် ဆိုတာကို ကျမ အံ့သြနေမိတယ်။ ပထမပိုင်း သူတို့ အဆိုအရ လွှတ်တော်အမတ် မစ္စတာ ရန်ဂယ်လ် နဲ့ တခြားပုဂ္ဂိုလ်နှစ်ဦး လာတွေ့ကြမယ်လို့ သိရပါတယ်။ နိုဝင်ဘာလောက်မှာလို့ ပြောပါတယ်။ ကျမကို သူတို့သုံးယောက်ရဲ့ နာမည် ပြောပါတယ်။ တွေ့ဆုံရေးအတွက် ကျမရဲ့ သတ်မှတ်ချက်တွေကို ရှင်းလင်း အကြောင်းကြား ရေးလိုက်မယ်လို့ အဆိုပြုလိုက်ပါတယ်။ ကျမရဲ့ ခင်ပွန်းသည် မိုက်ကယ်လ်က တဆင့် ဒီအကြောင်းကြားချက်ကို ပို့မယ်၊ ဒါမှမဟုတ် အမေရိကန်သံရုံးကို ပို့မယ်ပေါ့။ အဲလို ပို့တဲ့ စာမိတ္တူကိုလည်း နဝတကိုပါ ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် သူတို့က ကျမ အဆိုပြုတာကို လက်မခံကြပါဘူး။ ရှင်တို့ပဲ သုံးသပ်ကြည့်ကြပါ။ ဘယ်သူက တင်းမာနေပြီး ဘယ်သူက ပျော့ပျောင်းနေတယ် ဆိုတာကိုလေ။ နောက်ဆုံးတော့ မိုက်ကယ်လ်က ဒီသတ်မှတ်ချက်တွေကို နှုတ်နဲ့ပဲ အကြောင်းကြားနိုင်တော့တာပေါ့။

မိုက်ကယ်လ်ဟာ ဒီကိုရောက်နေတုန်း သံတမန်တွေနဲ့ မတွေ့ဆုံဘူး ဆိုတာကို သဘောတူထားတာပဲလို့ နဝတက ဆိုပါတယ်။ ဒီ သဘောတူထားချက်ကို လိုက်နာဖို့ မိုက်ကယ်လ်က ဂရုစိုက်ပါတယ်။ ကျမကလည်း ကျမကို ထိန်းသိမ်းထားတဲ့ ဥပဒေပါ စည်းကမ်းချက်များကို သတိထား စောင့်ထိန်းပါတယ်။

ပါမောက္ခယိုကိုတာကို ကျမနဲ့ ပေးမတွေ့တော့ဘူးလို့ သိလိုက်ရတဲ့နောက် ကျမ စိတ်ထဲမှာတော့ ရှင်တို့ကိုတော့ လာတွေ့ဖို့ ခွင့်ပြုပြီး ကုလသမဂ္ဂက (ဥပဒေသဘောအရ) တကယ် လာတွေ့ခွင့်ရှိသူ တဦးကို လာတွေ့ခွင့် ပိတ်ပင်လိုက်တယ်ဆိုတာဟာ ကုလသမဂ္ဂကို သူတို့ စော်ကားရာ ရောက်တော့မယ်လို့ ခံစားမိပါတယ်။ ဒီလိုမျိုး ကျမအနေနဲ့ မဖြစ်စေချင်ပါဘူး။ (ဒါကြောင့် ကျမကို လာတွေ့ဖို့ သတ်မှတ်ချက်သုံးရပ် ချရာမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် တဦး ပါဝင်ရေးကို ထည့်သွင်းထားပါတယ်။)

မစ္စတာရစ်ချဒ်ဆန်။ ။ မိုက်ကယ်လ်ဆီက အကြောင်းကြားတဲ့စာကို ကျနော် ဝါရှင်တန်၊ နိုင်ငံခြားရေးဌာနက တဆင့် ရပါတယ်။ စာထဲမှာ ခင်ဗျားရဲ့ သတ်မှတ်ချက် (၃) ရပ်ကို တွေ့ရပါတယ်။ ကျနော် ဒီကို ခရီးထွက်အလာမှာ မိုက်ကယ်လ်ကို ဝင်တွေ့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဝါရှင်တန်မှာ အခု ကျနေတဲ့ နှင်းမုန်တိုင်းကို လွတ်သွားလို့ ရှင်တော့ ပျော်နေမှာပဲနော်။

မစ္စတာရစ်ချဒ်ဆန်။ ။ ကျနော် ကုလသမဂ္ဂ ဌာနချုပ်ကိုလည်း ဝင်ပြီး အကြံပြုခဲ့ပါတယ်။ နောက်ပြီး အာရှစောင့်ကြည့်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အပြင် တခြားလူ့ အခွင့်အရေး အဖွဲ့အစည်းတွေကိုလည်း တွေ့ခဲ့ပါတယ်။ သူတို့ အားလုံးက ခင်ဗျားအတွက် ဆုမွန်ကောင်းတွေ ပေးပို့လိုက်ကြပါတယ်။ ကျနော်က ဗန်ကောက်မှာရှိတဲ့ NLD အတိုက်အခံ အဖွဲ့ဝင်များနဲ့လည်း တွေ့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဝါရှင်တန်မြို့ တဝိုက်က NLD အဖွဲ့ဝင်တွေနဲ့ကော တွေ့ခဲ့ရဲ့လား။

မစ္စတာရစ်ချဒ်ဆန်။ ။ သူတို့ကတော့ ကျနော့်ရဲ့ ဒီခရီးစဉ်အတွက် အတော့်ကို စိတ်လှုပ်ရှားနေကြပါလေရဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူတို့ကို ပြောပေးပါ။ ညီညီညွတ်ညွတ် နေထိုင်လုပ်ကိုင်ကြပါလို့။

( စကားဝိုင်း အပိုင်း ၇ ကို ဆက်လက်ဖတ်ရှုပါ။ အပိုင်း ၁၀ တွင် အဆုံးသတ်ပါမည်။)

(ဘာသာပြန်သူ - တာရာဝေယံ)

Nuk ka komente: