e diel, 14 nëntor 2010

ဒေါ်အောင်ဆန်းစုကြည် ပြည်သူများသို့ မိနစ် ၅၀ ခန့် မိန့်ခွန်းပြော ရာတွင် အမျိုးသားရင်ကြားစေ့ရေး ဦးစားပေး လုပ်ဆောင်သွားမည်ဟု ပြောကြား

http://news-eleven.com/index.php?option=com_content&view=article&id=5853:2010-11-14-08-29-04&catid=42:2009-11-10-07-36-59&Itemid=112

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းတည့် ၁၂ နာရီ၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းပြောကြားမှုကို လာရောက်နားထောင်ခဲ့သူ သုံးသောင်းဝန်းကျင်ခန့်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့လမ်းမတစ်လျှောက် လာရောက်သူများဖြင့် ပြည့်လျှံသွားခဲ့ကြောင်း သိရသည်။

မိနစ် ၅၀ ခန့်ကြာမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားချက်များ အရသိရသည်။ "ကျွန်မက အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်းယုံကြည်နေပါတယ်။ ဒီနည်းကို ကျွန်မတို့ သွားရမယ်ဆိုတာ ယုံကြည်တယ်။ ကျွန်မအခု ကျွန်မကို ထောက်ခံနေတဲ့သူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်မကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ကျွန်မ ဘာအာဃာတ စိတ်မှ မရှိဘူး။ ကျွန်မယုံကြည်တာက လူ့အခွင့်ရေးကို ယုံကြည်တယ်၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေအတွက် ကျွန်မအမြဲတမ်း ရုန်းကန်သွားမှာပဲ။ ကျွန်မပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမုန်းလို့ ဘယ်ဝါကိုမုန်းလို့ လုပ်နေတာမဟုတ်ဘူး။ အချိန်လည်း မရှိဘူး။ မုန်းတီးနေဖို့ အချိန်လည်း မရှိဘူး။ ကျွန်မ စောစောက ပြောခဲ့သလိုပဲ ကျွန်မထိန်းသိမ်းခံခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ ကျွန်မပေါ်မှာ ကောင်းခဲ့တယ်။ တော်တော်ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်းပြောတာပါ။ ကျွန်မကို ကောင်းကောင်း မွန်မွန်ဆက်ဆံတယ်။ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ အဲဒီလိုပေါ့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးတော့ မေတ္တာထားစေချင်တယ်။ အဲဒီလို ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကောင်းမွန်တဲ့ကိစ္စတွေကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ရမယ်။ ကိုယ်မကြိုက်လို့ အားလုံးမကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူးပြောတာကို စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ပေါ့ မကောင်းတာ။ ကောင်းတာလုပ်ပါ တယ်လို့လည်း ကျွန်မပြောဖို့ ၀န်မလေးဘူး။ လူတစ်ယောက်ရဲ့ ကျေးဇူးတွေကို ဖော်ထုတ်ရတာဟာ အင်မတန်မှ အားရစရာကောင်းပါတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မလုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ ရှိလို့ရှိရင်လည်း ကျေးဇူးတင်မယ်။ ကျေးဇူးတင်စရာတွေသာ လုပ်ပြစမ်းပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ပြည်သူတွေမပါဘဲ ဘာကိစ္စမှ ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ အလုပ်တွေအများကြီး လုပ်ကြရမည်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နှင့်မတူကြောင်း၊ မျှော်လင့်ချက်ဖြင့် အားပေးနေကြသည်ကို သိရှိပါကြောင်း၊ တာဝန်မကျေမှာကိုဘဲ ကြောက်ပါကြောင်း၊ ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိ ဆက်ဆံပါ၊ စိတ်ဓာတ်မကျပါနှင့် ထပ်တလဲလဲ လုပ်ဆောင်ရမည်၊ အလုပ်ဆိုတာ ပြီးတယ်ဟူ၍ မရှိပါကြောင်း ပင်ပမ်းရကျိုးနပ်ဖို့ လိုကြောင်း၊ ကျေနပ်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ ရောက်အောင် ကြိုးစားရမယ်ဆိုကြောင်း၊ တစ်ယောက်တည်း လုပ်တယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး။ ကျွန်မတို့အားလုံး အတူတူလုပ်မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဲဒါက အရေးကြီးပါကြောင်း၊ လူ့အခွင့်အရေးကို ယုံကြည်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ ကံဆိုတာ အလုပ်လုပ်ခြင်းဖြစ်ပြီး ကြိုးပမ်းကြရမည်၊ ပြည်သူအားလုံးမိမိတို့သွားချင်သည့် ပန်းတိုင်ရောက်ဖို့ အားလုံးညီညီညွတ်ညွတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တင်မက ကျန်ဒီမိုကရေစီအင်အားစု များနှင့်လည်း ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

မိမိတို့နိုင်ငံ တိုးတက်သည် မတိုးတက်သည်ကို ပြည်သူများသိပါကြောင်း၊ မတိုးတက်တာ မည်သူကြောင့်ဟု ပြောနေ၍ အပိုပဲဖြစ်ကြောင်း၊ အားလုံးတက်ညီလက်ညီလုပ်မှ ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်အချို့


"သူဟာ ကျွန်တော့်အတွက် သူရဲကောင်းတစ်ဦးပါ။ သူဟာ ဗမာ(မြန်မာ)ပြည်နဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးရရှိဖို့ လှုပ်ရှားနေသူ အားလုံးအတွက် စေ့ဆော်ပေးနိုင်တဲ့သူပါ။ အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်"
- အမေရိကန်သမ္မတ အိုဘားမား


"သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲသစ်တစ်ခု စတင်သင့်ပါတယ်။ အောင်ဆန်းစုကြည် အပါအ၀င် အခြားဒီမိုကရက်နှင့် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များပါဝင်သော စေ့စပ်ဆွေးနွေးမှုစတင်ပြီး အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနည်းလမ်းကျသော အနာဂတ်အတွက် ပြုလုပ်သင့်ကြောင်း ကျွန်မတို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်"
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်


"တရားမမျှတမှုရင်ဆိုင်နေရချိန်တွင်ပင် သူမ၏ လေးစားစရာကောင်းသော စိတ်ထားတည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ ကမ္ဘာတစ်ဝန်းမှ လူအများအတွက် စံနမူနာတစ်ခုဖြစ်စေခဲ့သည်။ သူမအပေါ် မည်သည့်ကန့်သတ်ချက်မျှ ထပ်မံမထားရှိရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မျှော်လင့်နေပါသည်။ ယခုလွှတ်ပေးမှုကို အကြောင်းပြု၍ တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။"
- (ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)


"လွတ်လပ်စွာပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် ယုံကြည်မှုရှိတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အောင်ဆန်းစုကြည်က စေ့ဆော်မှုပေး နိုင်ပါတယ်။ လွတ်လပ်ခွင့်ဟာ အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးပါ။ ဗမာ (မြန်မာ) အစိုးရအနေနဲ့ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးရပါမယ်"
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း


"ပြင်သစ်နိုင်ငံက အောင်ဆန်းစုကြည်လွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ သူမရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုနဲ့ သဘောထား ဖော်ထုတ်ခွင့်အပေါ် ဟန့်တားတဲ့ ဘယ်လုပ်ရပ်မဆို သူ့အခွင့်အရေးကိုငြင်းပယ်တဲ့၊ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် မှတ်ယူသွားမှာပါ"
- ပြင်သစ်သမ္မတ နီကိုလပ်ဆာကော်ဇီ


"အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးရရှိရေးအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူများအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ သူမ၏ အကြမ်းမဖက်လှုပ်ရှားမှုနှင့် အာဃာတမဲ့သော စိတ်ထားကြောင့် စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် တွန်းပို့ပေးခဲ့သည်။"
- (ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် ပြောကြားချက်ကို အစိုးရက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)


"နေအိမ်အကျယ်ချုပ်ကနေ အောင်ဆန်းစုကြည် ပြန်လွှတ်လာလို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သတ္တိနဲ့မျှော်လင့်ချက်အမှတ် သင်္ကေတ တစ်ခုအဖြစ်ရှိနေချိန်မှာ အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော် ထိန်းသိမ်းခံထားရတယ်။ အခုအချိန်မှာ အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ သွားလာခွင့်နဲ့ ဖော်ထုတ်ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အပြည့်အ၀ပါဝင်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အခြားပြည်သူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ကျွန်တော်တောင်းဆိုပါတယ်။"
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ နာဗီပီလ်လေး

Nuk ka komente: