e premte, 19 nëntor 2010

from Myanmar Times


ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်မြောက်
မျိုးမျိုးနှင့် ကိုကိုကြီး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၃)
၁၉-၁၀-၂၀၁၀ တွင် လွှင့်တင်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်၌ အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည် ပြည်သူများအား နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ-ကောင်းထက်

နေအိမ်အကျယ်ချုပ်မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာပြီးနောက် လူထုနှင့် ပထမဆုံး တွေ့ဆုံဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ လူထု၏သဘော ထားဆန္ဒကို သိရှိအောင် ဆောင်ရွက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများအား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

"ပြည်သူတွေကြားမှာ၊ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးလုပ်သွားမှာ။ ကျွန်မ စိတ်ထဲမှာ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင် လုပ်လို့မရဘူး။ ဘယ်သူနဲ့တော့ဖြင့် စကားပြောလို့ မရဘူးဆိုတာ လုံးဝမရှိဘူး။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရတာပဲ"ဟု ၎င်းက ဆိုသည်။

လူထောင်ပေါင်းများစွာ လာရောက်နားထောင်ခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ဟောပြော ပွဲတွင် ၎င်းက လိုချင်သည့်အရာတစ်ခုအတွက် အားလုံးအတူတူ ၀ိုင်းဝန်း လုပ်ကြရမည်ဖြစ်ကြောင်းနှင့် တစ်ဦး တစ်ယောက်တည်းနှင့် မရနိုင် ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းကြောင်း နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် သေချာစွာ မဆွေးနွေးရသေးကြောင်း၊ ဒီမိုကရေစီအရေးကိစ္စအား ဒီမိုကရေစီလိုချင်သည့် အစုအဖွဲ့များအားလုံးနှင့် ဆောင်ရွက်လိုကြောင်း ပြောသည်။

ထို့ပြင် ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများနှင့်လည်း လက်တွဲရန် အဆင်သင့်ဖြစ် ကြောင်း လူထုနှင့် တွေ့ဆုံအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ပါတီများအနက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဥက္ကဋ္ဌဦးသုဝေက "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အတွက် ကြိုဆိုပါတယ်။ လက်ရှိ အချိန်အထိတော့ သူနဲ့မတွေ့ရသေးဘူး။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တစ်နည်းမဟုတ် တစ်နည်း ဖြစ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ရှိတယ်" ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)မှ ဒေါက်တာသန်းငြိမ်းက "အမျိုးသားရင်ကြားစေ့ရေးသဘောထားကို အလေးအနက်ထားပြီး ကြိုဆိုတယ်။ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ပြောတဲ့အတွက် အလေးအနက် ထောက်ခံပါတယ်။ ရင်ကြားစေ့ ရေးလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်သွားမှာ ဖြစ်တယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယုံကြည်မှုတည် ဆောက်သွားဖို့ လိုတယ်"ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက် ၎င်းနေအိမ်ရှေ့ရောက်ရှိနေကြသည့် လူထောင်ပေါင်းများစွာကို ခြံဂိတ်ရှေ့မျက်နှာစာမှ မတ်တတ်ရပ်ကာ နှုတ်ဆက်ခဲ့သည်။

သို့သော် တဖွဲဖွဲထပ်မံရောက်ရှိလာသူများကြောင့် ၆ နာရီ ငါးမိနစ်ခန့်တွင် နောက်တစ်ကြိမ် ထွက်ရှိလာပြီး လူထုအား ထပ်မံနှုတ်ဆက် ခဲ့သည်။

နှစ် ၂၀ ကြာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲအပြီး ခြောက်ရက်မြောက်နေ့တွင် ၎င်းအားလွှတ်ပေး လိုက်ခြင်းဖြစ်ပြီး အဆိုပါရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်များ၌ ကိုယ်စားလှယ် အများဆုံး အရေအတွက်နှင့် အနိုင် ရရှိသည်ကို တွေ့ရှိရသည်။

Nuk ka komente: