" - - တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်းကလွဲပြီး ဘယ်လိုမှ သဘောမထားပါဘူး။ - - - - အဲဒီအစွဲဟာ ဒီတပ်မတော်ဟာ ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် - - "
မစ္စတာရစ်ချဒ်ဆန်။ ။ သမ္မတကြီး ကလင်တန် ကို ဘာများ မှာစရာ ရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ကျမ မြင်တွေ့ချင်ပါတယ်။ အဘက်ဘက်က တိုက်ခိုက်တာ ခံနေရတဲ့ ‘ဒီမိုကရေစီလှုပ်ရှားမှု’ တခုကို ထောက်ခံ အားပေးမယ် ဆိုရင် အင်မတန် ပြတ်သားမှု ရှိရပါ့မယ်။ ကျမအနေနဲ့ မကြာခင်က အမေရိကန် အထက် လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာ ပါတဲ့ အချက်အလက် အသုံးအနှုန်းတွေကို သိပ်သဘောကျပြီး အလွန်ပဲ ကျေးဇူးတင်ပါတယ်။ (မြန်မာနိုင်ငံ) ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ အားပေးတဲ့ ထုတ်ပြန်ချက်သမျှကို အားတက်သရော ကြိုဆိုပါတယ်။
မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားအတွက် ပေးလိုက်တဲ့ သမ္မတကြီး ကလင်တန်ရဲ့ စာထဲမှာ ဒီလို အားပေး ထောက်ခံချက်တွေကိုပဲ ရေးသားလိုက်တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ မစ္စတာ ရာဟင်မ်ရှင့် - ကုလသမဂ္ဂက ၁၉၈၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲက ‘မြန်မာနိုင်ငံ တည်ဆောက်ရေး ကဏ္ဍ’ မှာ ‘ပြန်လည် ညှိနှိုင်းယူခြင်းနှင့် ပြုပြင်ရေးတို့ အကြောင်း’ ကို ကျမ လေ့လာကြည့်ပြီးပါပြီ။ အဲဒီ အစီရင်ခံစာဟာ အင်မတန် တိကျ မှန်ကန်စွာပဲ ‘တိုးတက်မှုနှုန်း’ နဲ့ ‘ဖွံ့ဖြိုးမှု’ တို့ရဲ့ ကွာဟချက်ကို အလေးထား ခွဲခြားပြီး ဖော်ပြထားပါတယ်။ တိုးတက်မှုနှုန်းဟာ ဖွံ့ဖြိုးမှု ကိုတောင် အန္တရာယ် ပေးနိုင်ကြောင်းလည်း ရှင်းလင်းပြထားပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ မြန်မာနိုင်ငံကို တနည်းတလမ်းက ကူညီလိုကြတယ်လို့ ပြောနေကြတဲ့ နိုင်ငံတွေဟာ ဒီအချက်ကို လေ့လာသင့်ကြတာပေါ့။
မစ္စတာရာဟင်မ် (UNDP)။ ။ နိုင်ငံတခုရဲ့ အင်အားဟာ သူ့နိုင်ငံသားများ အတွင်းမှာသာ ရှိတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။ အိမ်ထောင်စု တခုဟာ လူတွေအတွက် လုံခြုံစိတ်ချမှု မရှိဘူးဆိုရင် ဒီနိုင်ငံအတွက် ရှေ့နိုင်ငံရေး အလားအလာ သိမ်မရှိတော့ပါဘူး။ တကယ်တော့ မနှစ်နွေရာသီက နယူးယောက်မြို့မှာ စီစဉ်ချက်အရ ဒီမှာရှိတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို ပြန်လည် ပြင်ဆင်ပြီး ကျေးလက်အဆင့် လုပ်ငန်းတွေကို ဦးစားပေးဖို့ ရည်မှန်းခဲ့ပါတယ်။ အခုဆို ကျနော်တို့ဟာ လုပ်ငန်းတွေကို လူတွေပေါ်မှာသာ အခြေခံပြီးမှ “နောက်ပြန်သွား” ဆောင်ရွက်မှုမျိုး ပြုလုပ်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ ဟိုတုန်းကတည်းက ရှင်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မှန်တယ်လို့ ကျမထင်ခဲ့တာပါ။ မြန်မာနိုင်ငံသားတွေဟာ အတွင်းကိုပဲ ကြည့်နေတတ်တဲ့ လူမျိုးတွေ မဟုတ်ပါဘူး။ အစိုးရကတော့ တမျိုးဖြစ်ချင် ဖြစ်မှာပေါ့။ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို ကျမ အမှာစကား ပါးခွင့်ရမယ်ဆိုရင် ကျမ အဲဒီနိုင်ငံတွေကို အလေးပေး (ဇောင်းပေး) ပြောချင်တာကတော့ စီးပွားရေးစနစ်တခုရဲ့ အောင်မြင်မှုဆိုတာဟာ တဦးအပေါ်တဦး ယုံကြည်စိတ်ချနိုင်မှုအပေါ်မှာ တည်ပါတယ် လို့၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတို့ဟာ တဦးအပေါ်တဦး ဘယ်လောက် ယုံကြည်နိုင်သလဲ ဆိုတာမျိုးပေါ့။
ဘယ်သူမှ ယုံကြည်ကိုးစားမှု မရှိတဲ့ အမျိုးသားညီလာခံကို ကျင်းပနေတာဟာလည်း ဘာမှ အသုံးကျလာမှာ မဟုတ်ပါဘူး။ ပြည်သူလူထု ယုံကြည် စိတ်ချမှု မရှိတဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေဟာ အောင်မြင် ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ယုံကြည် စိတ်ချမှု မပါတဲ့ ကုန်သွယ်မှု လုပ်ငန်းဟာလည်း တကယ့်တိုးတက်မှုဆီကို ဦးတည်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တွက်ချက်လိုက်ရင် ဒီမိုကရေစီလိုချင်သူများနဲ့ မလိုချင်သူများအကြားမှာ ယုံကြည် စိတ်ချနိုင်မှု ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီဟာလည်း တိုင်းပြည်အတွက် ထောက်ထားပြီး ကျမတို့ လိုအပ်ခြင်း ဖြစ်ပါတယ်။
မစ္စတာရစ်ချဒ်ဆန်။ ။ ဆွီဒင်၊ သြစတေးလျနဲ့ တိုင်းပြည်တချို့ဟာ မြန်မာနိုင်ငံရဲ့ (လက်ရှိ မတင်မကျ ဖြစ်နေတဲ့) ပြဿနာအတွက် ကြားဝင်ဖြန်ဖြေသူတွေအဖြစ် ဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံတွေ ဖြစ်တယ်ရယ်လို့ အကြံပြုကြပါတယ်။ သြစတေးလျ ကွန်ဖရင့်တခုမှာ ပါမောက္ခ စတိုင်းဘတ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီ ကွန်ဖရင့်က ကြားဝင် ဖြန်ဖြေမှုကဏ္ဍအတွက် သြစတေးလျကို ထောက်ခံခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရဲ့ ကဏ္ဍကိုလည်း ပြောဆိုကြပါတယ်။ ဒီလို ပြောဆို ဆွေးနွေးတာတွေဟာ တန်ဖိုးရှိတယ်လို့ (အရေးပါတယ်လို့) ထင်ပါသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ဝင်ရောက် ဖြန်ဖြေပေးတယ် ဆိုတာကတော့ အကျိုး မယုတ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာတွေ အချင်းချင်းပဲ ဖြေရှင်းကြရမှာပါ။ အခုကိစ္စဟာ အရှ့အလယ်ပိုင်းမှာလို လူမျိုးနှစ်မျိုး ဖြစ်နေကြတဲ့ ပဋိပက္ခမျိုး မဟုတ်ပါဘူး။ အဲလို အရေးအခင်းမျိုးမှာတော့ ဝင်ရောက်ဖြန်ဖြေမှုဟာ အမြဲလိုလို အသုံးတည့်နေတာပေါ့။
ဒီနေရာမှာ ကျမ ပြောချင်တာကတော့ (ကျမ အခြားသူများရဲ့ သဘောထားကိုတော့ မပြောနိုင်ပေမယ့်) ကျမရဲ့ ပုဂ္ဂလ ဓိဋ္ဌာန်အနေနဲ့ကတော့ တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်းကလွဲပြီး ဘယ်လိုမှ သဘောမထားပါဘူး။ ဒီအချက်ကို တချိန်က ရှမ်းပြည်နယ်ဘက် ရောက်နေစဉ်မှာ တပ်မတော်ရဲ့ ကဏ္ဍကို ဆွေးနွေးကြစဉ်တုန်းက ကျမ ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။ ကျောင်းသားတွေကတောင် အိတ်ဖွင့်ပေးစာ တစောင်ထဲမှာ ကျမရဲ့ အဲဒီရပ်တည်ချက်ကို ဝေဖန်ထားပါတယ်။ ဒါပေမယ့် ကျမ တပ်မတော်ပေါ်မှာ ထားတဲ့ အဲဒီ စိတ်ဓာတ်ကိုတော့ မပြောင်းလဲနိုင်အောင် ဖြစ်နေပါတယ်။ ကျမ အဲဒီလို တွေးတောတာတွေဟာ သစ္စာဂတိလို့ ခေါ်တဲ့ ဆန္ဒစွဲတွေရဲ့ သြဇာလွှမ်းမိုးနေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအစွဲဟာ ဒီတပ်မတော်ဟာ ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြား အကြောင်းကြောင်းတွေကြောင့်လည်း ကျမစိတ်ထဲ ဒီလို ခံယူချက်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
(ဆက်ရန်)
( ဘာသာပြန်သူ - တာရာဝေယံ )

Nuk ka komente:
Posto një koment