e diel, 14 nëntor 2010

‘တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့'

The Voice Weekly
Saturday, 13 November 2010 15:10


ဒေါ်အောင်ဆန်းစုကြည် လူထုကို နှုတ်ခွန်းဆက်

နေအိမ်တွင် ၁၆နှစ် နီးပါးခန့် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး မကြာသေးခင် ကာလကမှ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် တရားဝင် ပါတီအဖြစ်မှ ရပ်စဲခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅ နာရီခွဲခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ရှိ ၎င်း၏နေအိမ် ခြံဝင်းရှေ့တွင် ၎င်းလွတ်မြောက်လာမှုကို စောင့်မျှော်နေကြသည့် များပြားလှသော လူထုပရိသတ်ကို ဗေဒါရောင် မြန်မာအင်္ကျီ ဝတ်ဆင်ပြီး သစ်ခွပန်း အဖြူနှင့်အနီ ပန်ဆင်ကာ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း The Voice Weekly သတင်းထောက်က အဆိုပါနေရာမှ တိုက်ရိုက် သတင်းပေးပို့သည်။

" စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမကို လာရောက် ကြိုဆိုနေကြသော လူထုကို နှုတ်ဆက်စကား ပြောကြားသည်။

နေအိမ်အတွင်းသို့ ပြန်လည် မဝင်ရောက်မီ ဒေါ်အောင်ဆန်းစုကြည်က " စည်းကမ်း ရှိပါ၊ စည်းကမ်း ရှိကြပါ၊ စည်းကမ်းရှိကြပါ" ဟု အချင်းချင်း သတိပေး ပြောဆိုနေကြသည့် လူထုပရိသတ်ကို နောက်တစ်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ဗဟန်းမြို့နယ်၊ အနောက်ရွေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အဆောက်အအုံရှေ့တွင် ပြန်လည် ဆုံတွေ့ကြမည်ဟု ပြောဆိုသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုကြသူများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဗဟို အလုပ်အမှုဆောင် ဦးစိန်ဝင်းနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဒုတိယဥက္ကဌ ဦးတင်မောင်အေး၊ အတွင်းရေးမှူး ဦးနေမျိုးဝေတို့ အပါအဝင် ဒေါက်တာ ဖုန်းဝင်းနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပြည်ထောင်စု ဒီမိုကရေစီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း စသည်တို့အပါအဝင် နိုင်ငံရေးသမားများ နှင့် စာရေးဆရာများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ အခြားထင်ရှားသူများပါ ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နိုဝင်ဘာ ၁၃ ရက်နေ့ည နေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးလိုက်ကြောင်း လာရောက် အကြောင်းကြားခဲ့ပြီး လိုအပ်သည်များကို အကူအညီပေးရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ည ၈ နာရီ နိုင်ငံပိုင် ရုပ်သံသတင်းများတွင် ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်တွင် စတင်၍ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် ပြန်လည်လွတ် ခဲ့သည်။ ထိုနောက် ၂ဝဝဝ ပြည့်နှစ်တွင် ပြန်လည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး ၂ဝဝ၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် လေးနှစ် ထပ်မံ ကျခံခဲ့ရပြီး တစ်နှစ်သက်တမ်း နှစ်ကြိမ် ထပ်တိုးခံခဲ့သည်။

ထိုနောက် ၂ဝဝ၉ ခုနှစ် မေလတွင် ၎င်း၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ရေကူးဝင်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် သုံးနှစ် ထပ်မံ ချမှတ်ခံခဲ့ရပြီးနောက် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

Nuk ka komente: