ရာမယဏ
ဒေါ်အောင်ဆန်းစုကြည်
အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်း ယဉ်ကျေးမှုအရ ပြည်သူလူထုဟာ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်း မရှိဘူးတို့ ဒီလို ပြောတာတွေ ရှိခဲ့ပါတယ်။
အရင်အပတ်က ဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး ၂ ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့ အရှေ့တိုင်း ယဉ်ကျေးမှုဟာ လူထုရဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့ အင်အားတွေကို ဘယ်လောက် အလေးထားတယ် ဆိုတာကို ဖော်ပြသွားချင်ပါတယ် လို့ ကျမ ပြောခဲ့ပါတယ်။
ဒီအပတ်မှာတော့ ရာမယဏ ဇာတ်တော်ကြီး အကြောင်း ကျမ ပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့ အိန္ဒိယမှာ ရာမယဏလို့ ခေါ်ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံ ယဉ်ကျေးမှုတွေ အပေါ်မှာ အင်မတန်မှ သြဇာ လွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီး တစ်ခု ဖြစ်ပါတယ်။
ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်း နိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ရာမ ဇာတ်တော်ကြီး ဆိုတာ ‘မင်းကောင်း’ အကြောင်းပဲ လို့ ဒီလိုပဲ ကျမက မြင်တယ်။ ကောင်းတဲ့မင်းများ၊ မြင့်မြတ်တဲ့ မင်းများဟာ ဘယ်လို လုပ်တယ်၊ ဘယ်လို ကိုင်တယ်၊ ဘယ်လို ဆက်ဆံတယ်၊ ဒါ … နိုင်ငံရေးဘက်က ကြည့်ရင် အများကြီး မြင်ပါတယ်။ ကျမ နိုင်ငံရေး အမြင်နဲ့ ပြောမှာပါ။ ဘာသာရေး အမြင်နဲ့ ပြောမှာ မဟုတ်ဘူး၊ လောကီအမြင်နဲ့ ပြောမှာ ဖြစ်ပါတယ်။
ပထမ စပြီးတော့ ဇာတ်ကြောင်း ဆင်လိုက်တဲ့ အခါကျတော့ ရာမမင်းသားဟာ၊ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့၊ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ဝဋ်လိုက်တာပေါ့လေ။ ကံ ကံ ၏ အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ်တာ၊ ဝဋ်လိုက်တဲ့ အကျိုးပေါ့။ ဒီ … ရာမမင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသား ဘဝတုန်းက (ဒါ ဟိန္ဒူ ဇာတ်တော်ကြီးထဲက ကျမ ပြောတာနော်၊ ဟိန္ဒူဇာတ်တော်ကြီးထဲက ဆိုတော့ မြန်မာများ သိတဲ့ ရာမဇာတ်ထက် ပိုပြီး အသေးစိတ် ပါပါတယ်။) သူအရင် မင်းသား ဘဝတုန်းက တခါကျတော့ သူ တောလိုက်ထွက်တယ် တဲ့။ တောလိုက်ထွက်တဲ့ အခါမှာ သူက တောတိရိစ္ဆာန် တစ်ကောင်ထင်ပြီးတော့ ချိန်ပြီးတော့ ပစ်လိုက်တာပါ။ တကယ်တမ်း သွားကြည့်တဲ့ အခါကျတော့ တိရိစ္ဆာန်မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။ အဲဒီလူကလည်း ရသေ့လေးပေါ့လေ။ (သုဝဏ္ဏသာမ ဇာတ်နဲ့ နည်းနည်း ဆင်တယ်။) သူရဲ့ မျက်စိ မမြင်တဲ့ မိဘအိုကြီး ၂ ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးဟာ သူ့မိဘ ၂ ပါးထံ ခေါ်သွားပါ ဆိုပြီးတော့ ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတော့ မင်းသားက ရသေ့လေးရဲ့ မိဘ ၂ ပါးထံ သွားပြီးတော့ ဒီလိုပဲ သူဟာ မှားပြီးတော့ မြားနဲ့ ပစ်လိုက်တာမို့ သူတို့သားဟာ ကွယ်လွန်သွားပြီလို့ ပြောတော့၊ မိဘများက သူ့ကို ကျိန်ဆဲလိုက်တယ် တဲ့။ “သူတို့မှာ အားကိုးစရာ ဆိုလို့ ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို လုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့ အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ် ဆင်းဆင်း ရဲရဲနဲ့ သေပါစေသောဝ်” ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ် လို့ ဒီလိုအပြောရှိတယ်။
နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသားတော် ၃ ပါး ဖွားမြင်တော်မူတယ်။ ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့်တရား ဆယ်ပါးနဲ့ အုပ်ချုပ်မယ့် မင်းသားဆိုတဲ့ လက္ခဏာ အားလုံး ရှိပြီးသား ဖြစ်တယ်။ ရာမမင်းသားကို ပြည်သူ လူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကို တနေ့ကျရင် ကောင်းကောင်း မွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်း ဖြစ်လာမယ်ဆိုတာကို လက်ခံပြီးသား ဖြစ်တယ်။
ဒါပေမယ့် အားလုံးက ဒီလိုလက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော် ဘာရတ ရဲ့ မိခင်ဖြစ်တဲ့ မိဖုရားဟာလည်း သူ့ရဲ့ သားကို ဘုရင် ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို “အရင်တုန်းက ပေးထားတဲ့ ကတိအတိုင်း၊ သူတောင်းထားတဲ့ ဆု ၂ဆုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့၊ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ” ဆိုပြီးတော့ တောင်းဆိုတယ်။ တောင်းဆိုတော့ ဘုရင်ကြီးက သူ မလုပ်သင့်တဲ့ ကိစ္စ ဆိုပြီး ငြင်းတယ်။ ငြင်းပေမယ့်လည်း သူ ကတိမတည်ရာ ရောက်တာပေါ့။ အစတုန်းကတော့ ဆု ၂ဆုဆောင်းနိုင်တယ်၊ တောင်းတာပေးမယ်လို့ ပြောထားပြီးမှ၊ အခုတော့ မပေးတော့ဘူး ဆိုတော့ သူဟာ အင်မတန် “ကတိပျက်တဲ့မင်း”။
ကတိပျက်တဲ့ ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့ မင်းပဲ၊ ဒီတော့ သူ သိပ်ပြီး ရှက်တော့ မျက်နှာ မသာယာဘူး။ သားတော်လာတဲ့ အခါကျတော့ မေးတယ် တဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင်မှ မျက်နှာ မသာသလဲ ဆိုတော့ ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ဝင်ပြီးတော့ပြောလိုက်တယ်၊ “သူ့ကို ဒီလို ကတိပေးခဲ့တယ်။ အခု ဒီကတိကို မတည်ပါဘူး” ဆိုပြီးတော့ ဝင်ပြောတော့ ရာမမင်းသားက၊ သားကောင်းများ ဆိုတာ ဖခင်များရဲ့ ကတိ တည်ရေးအတွက် ဦးတည်ပြီးတော့ လုပ်ဆောင်ရမယ်၊ ဒါ့ကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ ကတိကိုတည်ပါစေ၊ သားတော် တောထွက်ပါမယ် ဆိုပြီးတော့ တောထွက်ခဲ့တယ်။
ဒီဇာတ်ဟာ ဘာဖြစ်လို့ လူကြိုက်များခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား တော်တော် များများဟာ မင်းကောင်း ပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသားတစ်ပါး ပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့ အပြစ်တော့ သူရှိတာပေါ့လေ၊ ဒါပေမယ့် သူတတ်နိုင်သမျှ သူ့ တိုင်းပြည်ကို ကောင်းကောင်း မွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့ အုပ်ချုပ်မှု အောက်မှာ အင်မတန်မှ အေးအေး ချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် ရှိတယ် လို့ ဆိုတယ်။
ရာမမင်းသားရဲ့ ညီတော်ကလည်း သူ့ကို နန်းပေးမယ် ဆိုတော့ သူက လက်မခံဘူး။ သူ့ရဲ့ နောင်တော်သာလျှင် ဘုရင် ဖြစ်ထိုက်တယ်။ သူဟာ နောင်တော်လောက်လည်း အရည်အချင်း မရှိပါဘူး ဆိုပြီးတော့ သူက လက်မခံဘူး။ ဟာ… ငါရရင်တော့ ယူလိုက်မယ်ဆိုတဲ့ စိတ် လုံးလုံး မရှိဘူးနော်။ ဒါတောင် တရားဝင် ပေးတာ၊ လုပြီးတော့ မခွဲနိုင် မခွာနိုင် တွယ်တာနေတာ မဟုတ်ဘူး။
အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။ သူရဲ့ ညီတော် ဘာရတ က “နောင်တော် ပြန်လာပါ။ ညီတော်အနေနဲ့ အုပ်ချုပ်နိုင်တဲ့ အရည် အချင်းလည်း မရှိဘူး။ အုပ်ချုပ်သင့်တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ” ဆိုတော့ ဟိုက ငြင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ “သားကောင်းများဟာ ဖခင် ကတိတည်ရေး အတွက် လုပ်ပေးရမယ်၊ ဖခင်များဟာ အထူးသဖြင့် မင်း ဆိုလို့ရှိရင် ကတိ တည်ရတယ်။ ဒါကြောင့်မို့လို့ ၁၄ နှစ်တိုင်တိုင်တော့ သူပြန်မလာဘူး။ ” ဆိုပြီးတော့ နေတဲ့အချိန်မှာ ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့် တရားဝင် စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။ ပလ္လင်ပေါ်မှာ ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့၊ ဒီမင်းသားဟာ ပလ္လင်အောက်ကနေ ထိုင်ပြီးတော့ တိုင်းရေး ပြည်ရေးကို စီရင်တော်မူတယ်လို့ ဒီလိုပဲ အဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။
သူ့ခမည်းတော်ကြီး ခမျာတော့ နတ်ရွာစံသွားရှာတယ်၊ စိတ်မကောင်း ဖြစ်ပြီးတော့။ ဟိုတုန်းက သူ ကျိန်ဆဲခံထားရတဲ့ အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူအတွက်ကြောင့် တောထွက်သွားရတယ် ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်း ပက်လက် နဲ့ပဲ နတ်ရွာစံ သွားတယ်။
နောက်ပိုင်း ဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။ ရာမမင်းသားနဲ့ သီတာမင်းသမီး တောထွက်သွားတဲ့ အချိန်မှာ ပါသွားတာက ရာမမင်းသားရဲ့ ညီတော် လက္ခဏ။ ညီတော် လက္ခဏ ဆိုတာကလည်း မင်းသား ကောင်းများရဲ့ အရည်အချင်းနဲ့ အင်မတန်မှ ပြည့်ဝတယ်။ သူ့ရဲ့ နောင်တော်နဲ့ နောင်တော်ရဲ့ ကြင်ယာတော်ကို သူ ဘယ်လောက် ကျိုးကျိုးနွံနွံ၊ ကြည်ကြည်ညိုညို၊ လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်တယ်ဆိုတာ မှတ်တမ်းတင်လောက်တယ်။ ဒါ့ကြောင့် တချို့က ‘နောက်လိုက်ကောင်း ဆိုရင် လက္ခဏ မင်းသားလို ဖြစ်သင့်တယ်’ လို့ ဒီလိုပဲ ပြောတယ်။ နောက်လိုက်ကောင်းဆိုရင် ကိုယ့်ရဲ့ ခေါင်းဆောင်အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်။ ရဲရဲ ရင့်ရင့်နဲ့ အကာအကွယ်ပေးတယ်။ သူ့ရဲ့ နောင်တော်ကို ချစ်သလိုပဲ၊ သူ့ရဲ့ မရီးကိုလည်း အင်မတန်မှ လေးစားတယ်။ အမေတစ်ယောက်လို သူဆက်ဆံတယ်။ ဒီလို ပြုစု ဆက်ဆံပြီးတော့ အရာရာမှာ ညာလက်ရုံး သဖွယ် နေခဲ့ပြီးတော့၊ ရာမ မင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံး ဘီလူးတို့ စစ်တွေ ဘာတွေ ဖြစ်ကြတဲ့အခါမှာလည်း ရာမ မင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံး တိုက်ခဲ့တယ်။
ဒဿဂီရိ ဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့ အကြောင်းကလည်း အများ သိပြီးသား ဖြစ်ပါတယ်။ ဒဿဂီရိက သီတာ မင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန် မျောက်မင်းတို့နဲ့ လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့ အများအားဖြင့် ကျမတို့သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိ အပေါ်မှာ အနိုင်ယူပြီးတဲ့ အခါကျတော့ ရာမမင်းသား၊ သီတာ မင်းသမီး၊ လက္ခဏ မင်းသားတို့ ပြန်လာပြီး ရာမမင်းသားကနေ နန်းပြန်ယူပြီး အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ် ဆိုတဲ့ သဘောမျိုး ဒီလောက်ပဲ သိကြရတယ်။
ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရာမ မင်းသားဟာ သူ့ရဲ့ နေပြည်တော်ကို ပြန်ရောက်သွားပြီ ဆိုတော့ ပြန်ပြီး နန်းတက်တဲ့အခါကျတော့ (မင်းကောင်းများ ဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လို ရှိတယ်၊ ပြည်သူ လူထုထဲမှာ ဘာတွေပြောနေတယ် ဆိုတာကို အမြဲ နားစွင့်၊ နားထောင်နေရတယ်။) နားစွင့်၊ နားထောင်နေတော့ ဘယ်လို အသံတွေ ထွက်လာသလဲ ဆိုတော့ သီတာ မိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံး ဘီလူးရဲ့ နန်းတော်မှာ ဘယ်လောက် ကြာကြာ နေခဲ့ရသလဲ၊ ဒီလို အခြားသူရဲ့ နန်းတော်ထဲမှာ နေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို့ သူတို့ မယူဆနိုင်ဘူး။
ဒီလို ပြောလာတော့ မင်းကောင်း မင်းမြတ်များ ဆိုတာ ပြည်သူ လူထု ပြောတာကို လျစ်လျူရှု မထားဘူး။ ငါ့မိန်းမ ပြောရပါ့မလား ဆိုပြီးတော့ အားလုံး အင်းစိန်ထဲ ထည့်လို့ မရဘူး။ မင်းကောင်းမင်းမြတ်များဟာ ဒီလိုလုပ်လို့မရဘူး။ မိဖုရားကလည်း သူဟာ အင်မတန် ဖြူစင် သန့်ရှင်းပါတယ်။ သူကမကြောက်ပါဘူး။ ဒါကို ပြရဲပါတယ်ဆို ပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။ မီးပုံထဲကို ဆင်းပြီးတော့ ပြသော်ငြားလည်း မီးက သူ့ကို မလောင်ဘူး။ သူ့ရဲ့ ဖြူစင် သန့်ရှင်းမှုကြောင့် မီးကလည်း အန္တရာယ် မပြုနိုင်ဘူးလို့ ပြလိုက်တဲ့ အခါကျတော့လည်း အားလုံး ကောင်းသွားပြီလို့ ဒီလိုပဲ ထင်ရတာပေါ့လေ။ ထင်ရပေမယ့်လည်း ဒီ ကောလာဟလတွေက မငြိမ်းသွားဘူး။ ဒဿဂီရိရဲ့ နန်းတော်ထဲမှာ နေမိတဲ့ မိဖုရားကို ပြန်ပြီးတော့ ကောက်သင့်သလား၊ မကောက်သင့်ဘူးလား၊ အချီအချ ပြောတာ ဆိုတာတွေက ဆက်ပြီးတော့ ရှိနေတယ်။
ဆက်ပြီးတော့ ရှိနေတဲ့ အခါကျတော့ ရာမမင်းက သီတာမိဖုရားကို ပြည်နယ်နှင်ဒဏ် ပေးလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူ လူထုက သံသယရှိပြီ ဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာ ရှိရှိ၊ ပြည်သူ လူထုရဲ့ အလိုကို မဆန့်ကျင်ရဘူး တဲ့။ ဒါဟာ မင်းကျင့်တရားထဲမှာ တစ်ခုပါတယ် မဟုတ်လား။ ပြည်သူလူထုရဲ့ အလိုကို မဆန့်ကျင်ရဘူး ဆိုပြီး သီတာ မိဖုရားကို ပြည်နှင်ဒဏ် ပေးလိုက်တယ်။
ပြည်နှင်ဒဏ် ပေးလိုက်တော့ သီတာမိဖုရားကြီးဟာ တောထဲမှာ နေရတယ်။ တောထဲမှာ နေစဉ်ပဲ သူ့ရဲ့ အမွှာပူး သားတော်လေး နှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်း အတော်ကြာတဲ့အခါကျမှ(ကျမသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး၊ ရာမမင်းသားရဲ့ အမတ်ကြီးများဟာ ဒီ သားတော်လေး နှစ်ပါးကို အကြောင်းပြု ပြီးတော့ ပြန်ခေါ်တာပေါ့လေ။ မိဖုရားကြီးကို ပြန်ပြီးတော့ ခေါ်တယ်။
ပြန်ပြီးတော့ ခေါ်ပေမယ့် မိဖုရားကြီးက အင်မတန်မှ စိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာ ဒီလောက်တောင်မှ ဖြူစင် သန့်ရှင်းလျက်နဲ့ မီးထဲဝင်ပြပြီးတော့ ဖြူစင် သန့်ရှင်းပါတယ် ဆိုတာကို ပြနိုင်ခဲ့လျက်နဲ့ ရာမမင်းက သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။ ပြည်သူလူထု တချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာ ဆက်ဆံတာ မတရားခဲ့ဘူးလို့ သူ မြင်တယ်။ အဲဒီတော့ သူ ဘယ်တော့မှ မိဖုရား ပြန်မလုပ်ချင်တော့ဘူး။
သူဟာ ဒီလိုပဲ ဖြူစင်တယ် ဆိုတာ မှန်ရင် သူ့ရဲ့ ဖခင်ဖြစ်တဲ့ မြေကြီးဟာ သူ့ကိုပြန်ပြီး သိမ်းပိုက်ပါတော့ ဆိုပြီး အဓိဋ္ဌာန် လုပ်တဲ့အခါကျတော့၊ ကျမတို့ ကတော့ မြေòမိတယ်၊ မကောင်းဘူးလို့ ထင်တယ်နော်။ ဒီလို အဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး။ မြေကြီးကနေ ပြန်ပြီးတော့ သိမ်းပိုက်တယ် ဆိုတာ နည်းနည်း ပြန်ရှင်းပြရမယ်ဆိုရင် ကျမတို့က ဗမာဆိုတော့ သီတာဟာ “ရေ” ၊ ဒါ့ကြောင့် ရေနဲ့ ဆက်နွယ်နေတယ်။ တကယ်တော့ သူတို့ Sanskrit စကားအရ Sita ဆိုတာ ရေဆိုတဲ့ အဓိပ္ပာယ် မရောက်ပါဘူး။ Sita ဆိုတဲ့အဓိပ္ပာယ်ဟာ သီတာရဲ့ ခမည်းတော်ကြီး ဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်ထွန် မင်္ဂလာ လုပ်နေတုန်းမှာ လယ်ထဲကနေ ဒီကလေး ငယ်ငယ်လေး ထွက်လာလို့၊ လယ်ထွန်ရင်းနဲ့ထွက်လာတာမို့ ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ Sita ဟာ “ပထဝီ မြေကြီးနတ်ရဲ့ သမီးတော်” လို့ ဒီလို သူတို့ အယူရှိတယ်။ ဒါ့ကြောင့်မို့ သူ့ရဲ့ ဖခင် ပထဝီ မြေကြီးဟာ သူ့ ကိုပြန်ပြီးတော့ လက်ခံတော်မူပါဆိုတာ ကျမတို့ အမြင်နဲ့ ဆိုးလို့မြေမြိုတာ မဟုတ်ဘူး ဆိုတာကို နားလည်အောင် ကျမ ရှင်းပြတာပါ။ အဲဒီတော့ ပထဝီ မြေကြီးရဲ့ မင်းဖြစ်တဲ့ သီတာမိဖုရားရဲ့ ဖခင်အစစ်က ပြန်ပြီးတော့ လက်ခံယူရတယ်။ လက်ခံတော်မူတော့ အဲဒီမှာ ဇာတ်လမ်းက ပြီးသွားတယ်။
ဒီတော့ ဇာတ်လမ်းက ကျမတို့ စဉ်းစားစရာ အများကြီး ရှိတယ်။ စဉ်းစားစရာ ရှိတယ် ဆိုတာ နိုင်ငံရေး အမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျမတို့ အရှေ့တိုင်းမှာ အင်မတန်မှ သြဇာလွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျမတို့ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားတွေဟာ ဘယ်လောက် နိုင်ငံရေးအမြင် ရင့်ကျက်သလဲ ဆိုတာကို ပြတယ်လို့ ကျမတော့ ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာအဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး ဒီလိုချည်းပဲ ရှိတာ မဟုတ်ဘူး။ ရာမမင်းရဲ့ ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှကောင်းတဲ့မင်းကြီး ဖြစ်ခဲ့သော်လည်း သူ့အပြစ်တွေ ရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ဝဋ်ကြွေးကို သူဆပ်သွားရတယ်။
ရာမမင်း ဆိုရင်လည်း အင်မတန်မှကောင်းတဲ့မင်းတစ်ပါးပဲ။ ဒါပေမယ့်လည်း တကယ် ကြည့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။ သီတာမိဖုရား ပြောချင်တာက သူ ဖြူစင် သန့်ရှင်းမှန်း သိရဲ့ သားနဲ့ သူများပြောတာတွေ ဘာဖြစ်လို့ နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါ ကျမတို့ အတွက် အများကြီး စဉ်းစားစရာ ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့ အားနည်းချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျမ ပြောချင်တယ်။ အများကနေ အလကားသက်သက် သွားပုတ်လေလွင့်၊ အားအားယားယား ပြောနေတဲ့ ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျမတို့ အများကြီး သတိထားရမယ်။
ကျမကတော့ ထင်တယ်။ အခုခေတ် အခြေအနေ ဆိုရင် သတင်းစာတွေ ဘာတွေ ရှိပြီးတော့ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်က နေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီး ရှိမှာပဲလို့ ကျမထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက် အားအား ယားယား အတင်း ပြောနေတဲ့ လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေးခံရမှာ မဟုတ်ဘူးလို့ ကျမက ဒီလိုမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရား ဘက်ကနေ ရပ်တည်တဲ့ သတင်းစာတွေက ရေးကြမှာကိုး။ ‘ဘယ်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲ ရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြ’ လို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့ လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ဝင်ရင်ရော သူတို့ဟာ မီးမလောင်ဘဲ နေမလား။ ဒါတွေဟာ အများကြီး စဉ်းစားစရာ ဖြစ်တယ်။
အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲ ပါပါတယ်။ ဒါဟာ ကျမတို့ ဒီမိုကရေစီ လိုအပ် တယ်ဆိုတာ ကျမတို့ အရှေ့တိုင်း ယဉ်ကျေးမှု အရ အထောက်အထားတွေ အများကြီး ပြနိုင်ပါတယ်။
အဲဒီလို အဖက်ဖက်ကပေါ့လေ နိုင်ငံရေး အမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေ ကမ္ဘာမှာ နည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ ဒဏ္ဍာရီတွေ ဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွင်နဲ့ ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေ ဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံးရှင်းလင်း သုတ်သင်ပစ်လိုက်တာတို့ ဒါတွေ ရှိတတ်ကြတယ်။ ဒီလို အဖြူနဲ့ အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုး ရှိတဲ့ ဇာတ်မျိုးဆိုတာ သိပ်ခေတ်မီတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ ခေတ်မရှိဘူးရယ်လို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျမတို့ လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သ၍ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။
ဒီစနစ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စနစ်လည်းဖြစ်တယ်၊ အစိုးရများကို ကာကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။ တချို့ အစိုးရတွေဟာ ဒီလို ဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး၊ ပြည်သူလူထုကိုသာ အကာအကွယ် ပေးတဲ့စနစ်လို့ သူတို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
ကျမတို့ကို တချို့ကမေးတယ်၊ ဒါလည်း အားလုံး သိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီ တက်လို့ရှိရင် ဘယ်သူ ဘယ်ဝါကို ကလဲ့စားချေမှာလား၊ မေးတယ်။ ကျမက ပြောတယ်၊ ကလဲ့စားချေတယ် ဆိုတာ ကျမတို့ရဲ့ “မူ” လည်း မဟုတ်ဘူး။ ဒီမိုကရေစီအရ ကလဲ့စား ချေချင်တိုင်း လိုက်ချေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှတတ လုပ်ရတာ။
အခု ပြောချင်တာက “အရှေ့တိုင်း ဒီမိုကရေစီ”။ ဒီမိုကရေစီ အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ အနောက်တိုင်း ဒီမိုကရေစီထက် ပိုပြီးတော့ မေတ္တာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလိုကျမတို့ မြင်ချင်ပါတယ်။ အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။
တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ ထင်ကြတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလို စိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဒါဟာ လုံးလုံး မဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရ မမှားအောင် လုပ်ဖို့ပဲ။
အစိုးရ မမှားအောင်ဆိုတော့ အစိုးရ မှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင် လုပ်နိုင်မှာပေါ့။ ကိုယ် ဘာမှားမှန်း မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှ မပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျမတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ လုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျမတို့ကတော့ အာဃာတစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်မှများနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျမတို့ ဘာမှ မတတ်နိုင်ဘူး။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။ ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။
ဒီမိုကရေစီ နိုင်ငံတွေကို ကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန် နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး၊ ယဉ်ကျေး သိမ်မွေ့တဲ့သူများပီပီ ဆက်ဆံကြတာပါပဲ။ ဒါ ဒီမိုကရေစီ စိတ်ဓာတ်ပဲ။ ကျမတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီ နေတဲ့စနစ်ကို အင်မတန်မှ လိုလားပါတယ်။ လူတွေကိုလူလို ဆက်ဆံတဲ့ စနစ်ကို အင်မတန်မှ လိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့ စနစ်ကို ကျမတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။
(မှတ်ချက် - ၁၉၉၅/၉၆ ခုနှစ် မိန့်ခွန်းများမှ ကောက်နှုတ်ဖော်ပြပါသည်။)

Nuk ka komente:
Posto një koment