e premte, 19 nëntor 2010

from Myanmar Times


ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်မြောက်
မျိုးမျိုးနှင့် ကိုကိုကြီး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၃)
၁၉-၁၀-၂၀၁၀ တွင် လွှင့်တင်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်၌ အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည် ပြည်သူများအား နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ-ကောင်းထက်

နေအိမ်အကျယ်ချုပ်မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာပြီးနောက် လူထုနှင့် ပထမဆုံး တွေ့ဆုံဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ လူထု၏သဘော ထားဆန္ဒကို သိရှိအောင် ဆောင်ရွက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများအား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

"ပြည်သူတွေကြားမှာ၊ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးလုပ်သွားမှာ။ ကျွန်မ စိတ်ထဲမှာ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင် လုပ်လို့မရဘူး။ ဘယ်သူနဲ့တော့ဖြင့် စကားပြောလို့ မရဘူးဆိုတာ လုံးဝမရှိဘူး။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရတာပဲ"ဟု ၎င်းက ဆိုသည်။

လူထောင်ပေါင်းများစွာ လာရောက်နားထောင်ခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ဟောပြော ပွဲတွင် ၎င်းက လိုချင်သည့်အရာတစ်ခုအတွက် အားလုံးအတူတူ ၀ိုင်းဝန်း လုပ်ကြရမည်ဖြစ်ကြောင်းနှင့် တစ်ဦး တစ်ယောက်တည်းနှင့် မရနိုင် ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းကြောင်း နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် သေချာစွာ မဆွေးနွေးရသေးကြောင်း၊ ဒီမိုကရေစီအရေးကိစ္စအား ဒီမိုကရေစီလိုချင်သည့် အစုအဖွဲ့များအားလုံးနှင့် ဆောင်ရွက်လိုကြောင်း ပြောသည်။

ထို့ပြင် ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများနှင့်လည်း လက်တွဲရန် အဆင်သင့်ဖြစ် ကြောင်း လူထုနှင့် တွေ့ဆုံအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ပါတီများအနက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဥက္ကဋ္ဌဦးသုဝေက "ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အတွက် ကြိုဆိုပါတယ်။ လက်ရှိ အချိန်အထိတော့ သူနဲ့မတွေ့ရသေးဘူး။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တစ်နည်းမဟုတ် တစ်နည်း ဖြစ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ရှိတယ်" ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)မှ ဒေါက်တာသန်းငြိမ်းက "အမျိုးသားရင်ကြားစေ့ရေးသဘောထားကို အလေးအနက်ထားပြီး ကြိုဆိုတယ်။ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ပြောတဲ့အတွက် အလေးအနက် ထောက်ခံပါတယ်။ ရင်ကြားစေ့ ရေးလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်သွားမှာ ဖြစ်တယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယုံကြည်မှုတည် ဆောက်သွားဖို့ လိုတယ်"ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက် ၎င်းနေအိမ်ရှေ့ရောက်ရှိနေကြသည့် လူထောင်ပေါင်းများစွာကို ခြံဂိတ်ရှေ့မျက်နှာစာမှ မတ်တတ်ရပ်ကာ နှုတ်ဆက်ခဲ့သည်။

သို့သော် တဖွဲဖွဲထပ်မံရောက်ရှိလာသူများကြောင့် ၆ နာရီ ငါးမိနစ်ခန့်တွင် နောက်တစ်ကြိမ် ထွက်ရှိလာပြီး လူထုအား ထပ်မံနှုတ်ဆက် ခဲ့သည်။

နှစ် ၂၀ ကြာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲအပြီး ခြောက်ရက်မြောက်နေ့တွင် ၎င်းအားလွှတ်ပေး လိုက်ခြင်းဖြစ်ပြီး အဆိုပါရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်များ၌ ကိုယ်စားလှယ် အများဆုံး အရေအတွက်နှင့် အနိုင် ရရှိသည်ကို တွေ့ရှိရသည်။

Read More...

e diel, 14 nëntor 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်၊လူထုက သောင်းသောင်းဖြဖြကြို

Yangon Media Group
နိုဝင်ဘာ ၁၃

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် ၁၈လကြာအကျယ်ချုပ်ဖြင့်ရှိနေရာမှ ရက်စေ့သဖြင့် ယနေ့ ညနေပိုင်းတွင် လွတ်မြောက်လာရာ သူမကိုထောက်ခံသူများက သူမနေအိမ်ရှေ့တွင်သောင်းသောင်းဖြဖြကြိုဆို ခဲ့ကြသည်။

`အခုလိုလာအားပေးကြတာ သိပ်ကိုကျေးဇူးတင်ပါတယ်`ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မိနစ်ပိုင်းအကြာတွင် ပရိဿတ်အား ခြံဝမှ စကားပြောကြားသည်။လူအုပ်ကြီးမှာများပြားလှသဖြင့် မည်သည့်စကားမှမဆိုနိုင်ပဲရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်က

`ကျွန်မပြောတာတွေနားထောင်နိုင်အောင် မနက်ဖန်မှာ ပါတီရုံးချုပ်မှာ စပီကာနဲ့ပြောပါ့မယ်။နေ့လယ်၁၂နာရီ လာခဲ့ကြပါ`ဟုပြောဆိုရာ လူအုပ်ကြီးကလက်ခုပ်လက်ဝါးတီးကြသည်။

နိုဝင်ဘာ ၁၃ရက်ညနေငါးနာရီ ၁၀မိနစ်ခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲအထူးသတင်းတပ်ဖွဲ့ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ထွန်းတို့ပါဝင်သော ကားကြီးသုံးစီးသည် ဒေါ်အောင်ဆန်းစုကြည်၏ခြံတွင်းသို့ဝင်သွားကြသည်။ ထို့နောက်ငါးမိနစ်ခန့်အကြာတွင် ထိုကားများပြန်ထွက် သွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ခြံတွင်း အတားအဆီးများကို ဖယ်ရှားလိုက်ကြရာ လူအုပ်က လက်ခုပ် လက်ဝါးတီးအားပေးကြသည်။

ထို့နောက် တက္ကသိုလ်ရိပ်သာလမ်းတွင် ပိတ်ဆို့ထားသောအရံအတားများနှင့် လုံခြုံရေးများကို ၅နာရီ ၂၀မိနစ်တွင် ဖယ်ရှားပစ်လိုက်ကြရာ လူအုပ်ကြီးက ဒေါ်စုလွတ်ပြီဟုအော်ကြသည်။ ထို့နောက်လူအုပ်ကြီးသည် တက္ကသိုလ်ရိပ်သာလမ်းတစ်လျေက် ဒေါ်အောင်ဆန်းစုကြည်၏ခြံဝရှိရာသို့ အပြေးအလွှားသွားရောက်ကြ သည်။

မိနစ်အနည်းငယ်အကြာတွင်ဒေါ်အောင်ဆန်းစုကြည်သည် ခြံဝဂိတ်တံခါးအတွင်းဘက်မှနေပြီး လူအုပ်ကိုကျေး ဇူးတင်စကားပြောကြားသည်။လူအုပ်ကြီးကို ပြန်ကြရန်ပြောသော်လည်း နောက်ထပ်လူအုပ်များထပ် ရောက်လာသဖြင့် သူမက ညခြောက်နာရီခန့်တွင် ခြံဝသို့နောက်တစ်ခေါက်ပြန်ထွက်လာပြီး ကျေးဇူးတင်စကား ထပ်မံပြောကြားသည်။

`အခုလိုဒေါ်စုလွတ်လာတာမြင်ရတာသိပ်ဝမ်းသာတယ်။ကျွန်မတို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ်ရှိကြ ရင် လက်တွဲလုပ်ကြရင် အနာဂတ်အတွက်သိပ်ကောင်းမှာပဲ။အဖြစ်အပျက်ဆိုးတွေကိုထပ်ပြီးမခံစားချင်တော့ပါဘူး ရှင်`ဟု လာအားပေးသော အသက်၃၆နှစ်အရွယ် အမျိုးသမီးတစ်ဦးကရန်ကုန်မီဒီယာသို့ပြောကြားသည်။

လူအုပ်ကြီးသည် အထူးရွှင်လန်းတက်ကြွနေကြပြီး ရန်ကုန်တစ်မြို့လုံးတွင် ထိုသတင်းကြောင့်လူအများဝမ်း မြောက်ဝမ်းသာဖြစ်နေကြသည်။

`ဒေါ်စုလွတ်မြောက်ခြင်းကနေ ကံကောင်းခြင်းတွေ မြန်မာနိုင်ငံကိုသယ်ယူလာနိုင်ပါစေလို့ဆုတောင်းပါ တယ်ဗျာ`ဟု ပရိဿတ်တစ်ဦးကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၄ရက်နေ့လည် ၁၂နာရီတွင် ထောက်ခံသူများနှင့်တွေ့ဆုံရန်ရှိပြီး ယနေ့ညတွင် သူမသည် နေအိမ်တွင် ဒုဥက္ကဌဦးတင်ဦးအပါအ၀င် အလုပ်အမှုဆောင်များနှင့်တွေ့ဆုံဆွေးနွေး ရန်ရှိကြောင်းလည်းသတင်းရရှိသည်။

စနေနေ့ည ၈ နာရီသတင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်သည့်သတင်းကို ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီနှင့် အရာရှိကြီးများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ အတူစကားပြောဆိုနေသည့် ဗီဒီယိုကိုပါပူးတွဲဖော်ပြသွားသည်။ တီဗီ သတင်းတွင် ရဲချုပ်က ဒေါ်အောင်ဆန်းစုကြည်၊ဒေါ်ခင်ခင်ဝင်းနှင့်မ၀င်းမမတို့အပေါ် ရှိသည့် ဆိုင်းငံ့ပြစ်ဒဏ်များကို ပယ်ဖျက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကိုဖတ်ကြားရှင်းလင်းကြောင်း၊ရဲချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာတွေ့ရသဖြင့်ဝမ်းသာကြောင်း၊ မြန်မာနိုင်ငံကို အနာဂတ်တွင် အေးချမ်းတည်ငြိမ်သည်ကို မြင်တွေ့လိုကြောင်း၊ လိုသည့်အကူအညီရှိပါကပေးရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့သည်ဟု ရုပ်မြင်သတင်းက ဖတ် ကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေဖြင့် ထိုကဲ့သို့ပင်ဆန္ဒရှိပါသည်ဟုပြောကြားခဲ့သည်ဟု သတင်းက ဆက်လက်ဖော်ပြသည်။

ဒေါ်ျအောင်ဆန်းစုကြည်လွတ်မြောက်သည့် သတင်းကို ပြည်တွင်းပြည်ပ မီဒီယာများစွာ လွတ်လပ်စွာ သတင်းရယူခဲ့ကြ ကြောင်းသတင်းရရှိသည်။

Read More...

တိုင်းပြည်ကောင်းကျိုးအတွက် လက်တွဲအလုပ်လုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား

http://www.myanmartraining.com/news/news_detail.asp?nid=2957
yangon media group
ရန်ကုန်နိုဝင်ဘာ ၁၄
နိုဝင်ဘာ၁၃ရက်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုထောက်ခံသူ ထောင်ပေါင်းများစွာအား ယနေ့နေ့လယ်၁၂နာရီတွင် ရန်ကုန်မြို့ရွှေဂုံတိုင်လမ်းမကြီးရှိ အမျိုးသားဒီမိုကရေစီရုံးချုပ် ရှေ့တွင် အမှာစကား ပြောကြားခဲ့သည်။

`လူနည်းစုအုပ်ချုပ်သူကို လူများစုပြည်သူတွေက ထိန်းချုပ်ပိုင်ခွင့်ရှိရမယ်။အဲဒါဒီမိုကရေစီပဲ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲအလုပ်လုပ်သွားမယ်`ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
`ကျွန်မတို့အမျိုးသားရင်ကြားစေ့ရေး လုပ်သွားမယ်။အဲသလိုလုပ်ရာမှာ ပြည်သူတွေထိခိုက်မှု အနည်းဆုံးနည်းလမ်း ရှာပြီး လုပ်ဆောင်သွားမယ်`ဟုသူမက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် သူမအပေါ်ယခုလိုထိန်းသိမ်းထားသည့် အာဏာပိုင်များအပေါ် အာဃာတလုံးဝမရှိပါကြောင်း၊ထိန်းသိမ်းခံနေရစဉ် အတွင်း လုံခြုံရေးတာဝန် ယူပေးထားသည့်သူများက သူမကို ကောင်းမွန်စွာထားရှိ ဆက်ဆံကြောင်း၊ ယင်းအတွက် ကျေးဇူးတင်ပါကြောင်းနှင့် တိုင်းပြည်ကောင်းဖို့ဆိုလျှင် ဘယ်သူနှင့်မဆို စကားပြောဆိုနိုင်ပါကြောင်း ဆက်လက်ပြောကြား သွားခဲ့သည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က `အမျိုးသားရင်ကြားစေ့ရေးဆိုတာ ခြားနားမှုတွေ ရှိနေတယ်ဆိုတာကို လက်ခံအသိအမှတ်ပြုခြင်းပဲဖြစ်တယ်` ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်မည်သတင်းများ ထွက်ပေါ်နေပါသည် ဟု ပြောရာ သူမက `အလုပ်လိုချင်လို့မေးတာလား`ဟု ပြန်လည်အရွှန်းဖောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းအတွက် နိုင်ငံတကာခေါင်းဆောင်အများအပြားက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြရာ အမေရိကန်သမ္မတအိုးဘားမားက ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး သူမသည် သူ့ရင်ထဲက သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အေဂျင်စီသတင်းတစ်ရပ်က ရေးသားသည်။ ထို့အပြင် ဖိလစ်ပိုင် သမ္မတဘင်နစ်နိုအကီနိုကလည်း မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းပြမြေပုံကို စူးစူးနစ်နစ် အကောင်အထည်ဖော်နေသည်ကို သက်သေပြရန် လုပ်ပြစရာတွေ များစွာရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဘန်ကောက်မှလာသော သတင်းတစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့ညက ဘန်ကောက်တွင်ရှိနေသည့် သားအငယ်ဆုံးဖြစ်သူ ကင်မ်အဲရစ်နှင့် စိတ်လှုပ်ရှားဖွယ် တယ်လီဖုန်းစကား ပြောကြားခဲ့ရကြောင်း ရေးသားသည်။ ကင်မ်ဟာ သိပ်စိတ်လှုပ်ရှားသွားခဲ့တယ်ဟု ဘန်ကောက်ရှိ ဗြိတိန်သံရုံးသတင်းရပ်ကွက်ကပြောသည်။ ကင်မ်သည် မိခင်နှင့် ၁၀နှစ်ကြာကွဲကွာနေရာမှ တွေ့ဆုံရန် ဘန်ကောက်တွင် ဗီင်္ဇာရရှိရေး စောင့်ဆိုင်းနေကြောင်းလည်း သတင်းက ရေးသားသည်။

`ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုပြီးပျော့ပြောင်းသွားပြီး ရင့်ကျက်သွားတာ တွေ့ရတယ်။တိုင်းပြည်အတွက်ဆိုရင် ဘယ်သူမျိုးနဲ့ဖြစ်ဖြစ် စေ့စပ်ညှိနှိုင်းနိုင်ပါတယ်လို့ ကျွန်တော်တို့ကိုပြောပါတယ်။ ကျွန်တော့်အမြင်ပြောရရင် မြန်မာပြည် အနာဂတ်အတွက် ကောင်းမွန်လာမယ် ယုံကြည်ပါတယ်`ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များတွေ့ဆုံပွဲ တက်ရောက် ခဲ့သည့် အမည်မဖော်လိုသူ အာရှသံတမန်တစ်ဦးက ရန်ုကုန်မီဒီယာသို့ပြောကြားသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ပြည်သူများသို့ မိနစ် ၅၀ ခန့် မိန့်ခွန်းပြော ရာတွင် အမျိုးသားရင်ကြားစေ့ရေး ဦးစားပေး လုပ်ဆောင်သွားမည်ဟု ပြောကြား

http://news-eleven.com/index.php?option=com_content&view=article&id=5853:2010-11-14-08-29-04&catid=42:2009-11-10-07-36-59&Itemid=112

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းတည့် ၁၂ နာရီ၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းပြောကြားမှုကို လာရောက်နားထောင်ခဲ့သူ သုံးသောင်းဝန်းကျင်ခန့်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့လမ်းမတစ်လျှောက် လာရောက်သူများဖြင့် ပြည့်လျှံသွားခဲ့ကြောင်း သိရသည်။

မိနစ် ၅၀ ခန့်ကြာမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားချက်များ အရသိရသည်။ "ကျွန်မက အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်းယုံကြည်နေပါတယ်။ ဒီနည်းကို ကျွန်မတို့ သွားရမယ်ဆိုတာ ယုံကြည်တယ်။ ကျွန်မအခု ကျွန်မကို ထောက်ခံနေတဲ့သူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်မကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ကျွန်မ ဘာအာဃာတ စိတ်မှ မရှိဘူး။ ကျွန်မယုံကြည်တာက လူ့အခွင့်ရေးကို ယုံကြည်တယ်၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေအတွက် ကျွန်မအမြဲတမ်း ရုန်းကန်သွားမှာပဲ။ ကျွန်မပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမုန်းလို့ ဘယ်ဝါကိုမုန်းလို့ လုပ်နေတာမဟုတ်ဘူး။ အချိန်လည်း မရှိဘူး။ မုန်းတီးနေဖို့ အချိန်လည်း မရှိဘူး။ ကျွန်မ စောစောက ပြောခဲ့သလိုပဲ ကျွန်မထိန်းသိမ်းခံခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ ကျွန်မပေါ်မှာ ကောင်းခဲ့တယ်။ တော်တော်ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်းပြောတာပါ။ ကျွန်မကို ကောင်းကောင်း မွန်မွန်ဆက်ဆံတယ်။ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ အဲဒီလိုပေါ့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးတော့ မေတ္တာထားစေချင်တယ်။ အဲဒီလို ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကောင်းမွန်တဲ့ကိစ္စတွေကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ရမယ်။ ကိုယ်မကြိုက်လို့ အားလုံးမကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူးပြောတာကို စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ပေါ့ မကောင်းတာ။ ကောင်းတာလုပ်ပါ တယ်လို့လည်း ကျွန်မပြောဖို့ ၀န်မလေးဘူး။ လူတစ်ယောက်ရဲ့ ကျေးဇူးတွေကို ဖော်ထုတ်ရတာဟာ အင်မတန်မှ အားရစရာကောင်းပါတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မလုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ ရှိလို့ရှိရင်လည်း ကျေးဇူးတင်မယ်။ ကျေးဇူးတင်စရာတွေသာ လုပ်ပြစမ်းပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ပြည်သူတွေမပါဘဲ ဘာကိစ္စမှ ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ အလုပ်တွေအများကြီး လုပ်ကြရမည်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နှင့်မတူကြောင်း၊ မျှော်လင့်ချက်ဖြင့် အားပေးနေကြသည်ကို သိရှိပါကြောင်း၊ တာဝန်မကျေမှာကိုဘဲ ကြောက်ပါကြောင်း၊ ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိ ဆက်ဆံပါ၊ စိတ်ဓာတ်မကျပါနှင့် ထပ်တလဲလဲ လုပ်ဆောင်ရမည်၊ အလုပ်ဆိုတာ ပြီးတယ်ဟူ၍ မရှိပါကြောင်း ပင်ပမ်းရကျိုးနပ်ဖို့ လိုကြောင်း၊ ကျေနပ်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ ရောက်အောင် ကြိုးစားရမယ်ဆိုကြောင်း၊ တစ်ယောက်တည်း လုပ်တယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး။ ကျွန်မတို့အားလုံး အတူတူလုပ်မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဲဒါက အရေးကြီးပါကြောင်း၊ လူ့အခွင့်အရေးကို ယုံကြည်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ ကံဆိုတာ အလုပ်လုပ်ခြင်းဖြစ်ပြီး ကြိုးပမ်းကြရမည်၊ ပြည်သူအားလုံးမိမိတို့သွားချင်သည့် ပန်းတိုင်ရောက်ဖို့ အားလုံးညီညီညွတ်ညွတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တင်မက ကျန်ဒီမိုကရေစီအင်အားစု များနှင့်လည်း ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

မိမိတို့နိုင်ငံ တိုးတက်သည် မတိုးတက်သည်ကို ပြည်သူများသိပါကြောင်း၊ မတိုးတက်တာ မည်သူကြောင့်ဟု ပြောနေ၍ အပိုပဲဖြစ်ကြောင်း၊ အားလုံးတက်ညီလက်ညီလုပ်မှ ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်အချို့


"သူဟာ ကျွန်တော့်အတွက် သူရဲကောင်းတစ်ဦးပါ။ သူဟာ ဗမာ(မြန်မာ)ပြည်နဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးရရှိဖို့ လှုပ်ရှားနေသူ အားလုံးအတွက် စေ့ဆော်ပေးနိုင်တဲ့သူပါ။ အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်"
- အမေရိကန်သမ္မတ အိုဘားမား


"သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲသစ်တစ်ခု စတင်သင့်ပါတယ်။ အောင်ဆန်းစုကြည် အပါအ၀င် အခြားဒီမိုကရက်နှင့် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များပါဝင်သော စေ့စပ်ဆွေးနွေးမှုစတင်ပြီး အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနည်းလမ်းကျသော အနာဂတ်အတွက် ပြုလုပ်သင့်ကြောင်း ကျွန်မတို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်"
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်


"တရားမမျှတမှုရင်ဆိုင်နေရချိန်တွင်ပင် သူမ၏ လေးစားစရာကောင်းသော စိတ်ထားတည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ ကမ္ဘာတစ်ဝန်းမှ လူအများအတွက် စံနမူနာတစ်ခုဖြစ်စေခဲ့သည်။ သူမအပေါ် မည်သည့်ကန့်သတ်ချက်မျှ ထပ်မံမထားရှိရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မျှော်လင့်နေပါသည်။ ယခုလွှတ်ပေးမှုကို အကြောင်းပြု၍ တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။"
- (ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)


"လွတ်လပ်စွာပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် ယုံကြည်မှုရှိတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အောင်ဆန်းစုကြည်က စေ့ဆော်မှုပေး နိုင်ပါတယ်။ လွတ်လပ်ခွင့်ဟာ အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးပါ။ ဗမာ (မြန်မာ) အစိုးရအနေနဲ့ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးရပါမယ်"
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း


"ပြင်သစ်နိုင်ငံက အောင်ဆန်းစုကြည်လွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ သူမရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုနဲ့ သဘောထား ဖော်ထုတ်ခွင့်အပေါ် ဟန့်တားတဲ့ ဘယ်လုပ်ရပ်မဆို သူ့အခွင့်အရေးကိုငြင်းပယ်တဲ့၊ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် မှတ်ယူသွားမှာပါ"
- ပြင်သစ်သမ္မတ နီကိုလပ်ဆာကော်ဇီ


"အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးရရှိရေးအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူများအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ သူမ၏ အကြမ်းမဖက်လှုပ်ရှားမှုနှင့် အာဃာတမဲ့သော စိတ်ထားကြောင့် စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် တွန်းပို့ပေးခဲ့သည်။"
- (ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် ပြောကြားချက်ကို အစိုးရက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)


"နေအိမ်အကျယ်ချုပ်ကနေ အောင်ဆန်းစုကြည် ပြန်လွှတ်လာလို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သတ္တိနဲ့မျှော်လင့်ချက်အမှတ် သင်္ကေတ တစ်ခုအဖြစ်ရှိနေချိန်မှာ အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော် ထိန်းသိမ်းခံထားရတယ်။ အခုအချိန်မှာ အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ သွားလာခွင့်နဲ့ ဖော်ထုတ်ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အပြည့်အ၀ပါဝင်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အခြားပြည်သူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ကျွန်တော်တောင်းဆိုပါတယ်။"
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ နာဗီပီလ်လေး

Read More...

ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ဆုံ

http://news-eleven.com/index.php?option=com_content&view=article&id=5869:2010-11-14-14-41-37&catid=42:2009-11-10-07-36-59&Itemid=112

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀န်းကျင်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက် အချို့မှာ ယခုတစ်ကြိမ် ပြန်လည် လွတ်မြောက်လာမှုသည် မည်သည့် ခံဝန်ချက်မှ ရေးထိုးခဲ့ခြင်း မရှိကြောင်း၊ ပြည်သူများနှင့် လက်တွဲပြီး အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ လိုလားနေသော ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

''ဒီတစ်ခါ ပြန်လွတ်လာတော့ ပြည်သူတွေရဲ့ အသံကို နားထောင်ချင်တယ်။ ဒါပေမယ့် ပြည်သူတွေက ကျွန်မရဲ့အသံကိုပဲ နားထောင်ချင်နေတော့ ခက်နေတယ်။ ဒီတော့ စာရေးပြီး ပြောကြပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ရာတွင် ပြည်သူများနှင့်သာမက ဒီမိုကရေစီကို လိုလားသော မည်သူနှင့်မဆို ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

''အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူအတွက် လုပ်ဆောင်ရာမှာ ဒီမိုကရေစီ လိုလားသူ ဘယ်သူ့ကိုမဆို အမြဲတံခါးဖွင့်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး လုပ်ဆောင်နေတဲ့သူတွေ၊ လုပ်ချင်နေတဲ့ သူတွေ အကုန်လုံးနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်အတူ လတ်တလော ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ပြောဆို သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ထို့ပြင် တိုင်းရင်းသားအားလုံး ပါဝင် စုစည်းထားသည့် ၂၁ ရာစု ပင်လုံစိတ်ဓာတ် ဖြစ်ပေါ်လာရန် တိုက်တွန်း ပြောဆိုခဲ့ပြီး တိုင်းပြည်ကောင်းအောင် လုပ်ဆောင်ရာတွင် ဒီမိုကရေစီ လိုလားသူ မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''ဒီမိုကရေစီရေး လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ရှင်သန်ရေး ပါပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရာတွင် မိမိကိုယ်ကို အနစ်နာခံသည်ဟု သဘောမထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။

''အခုလို လုပ်နေတာတွေကို အနစ်နာခံတယ်လို့ စိတ်ထဲမှာ မထားပါဘူး။ အနစ်နာခံတယ်လို့ အားနာတယ်။ အနစ်နာခံတယ်ဆိုတာ အကြွေး ပြန်တောင်းနေရသလိုပဲ။ ပြည်သူလူထုဆီက အကြွေး ပြန်မတောင်းချင်ဘူး။ ကိုယ်ရွေးထားတဲ့ လမ်းကို ကိုယ်လျှောက်နေတာ ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့သည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအတွက် မည်သူနှင့်မဆို လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့် ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း၊ နောင်တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရေစီအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားရန် သဘောထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ပြည်သူလူထု၏ ပညာရေးပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်းနှင့် ထိုအားနည်းမှုများကို လျော့ပါးအောင် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် ပညာရေးပိုင်း အားနည်းသည်နှင့် အဖက်ဖက်တွင် အားနည်းသွားမည် ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ၌ ပါဝင်ခြင်း မရှိသည့် အတွက် ကန့်ကွက်ရန် မရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဥပဒေနှင့် တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကို ကြည့်ရှုနိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကော်မတီတစ်ခု ဖွဲ့ထားကြောင်း၊ ထိုကော်မတီ အနေဖြင့် အစီရင်ခံစာ ရေးဆွဲနေပြီး၊ ယင်းအစီရင်ခံစာ ထွက်လာပြီးမှသာ တိတိ ကျကျ ထုတ်ပြန် ပြောဆိုသွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်မူ နိုင်ငံရေးအဖွဲ့အနေဖြင့် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း သိရသည်။

''အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးအဖွဲ့ အနေနဲ့ ဆက်လက် ရပ်တည်သွားမှာပါ။ လူမှုရေးအဖွဲ့ လုပ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါ ဘူး။ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့သာ ပြောခဲ့တာပါ။ လူမှုရေးလုပ် ငန်းတွေ လုပ်မယ်ဆိုတာကလည်း ၁၉၉၅ ခုနှစ်ကတည်းက စပြောထားခဲ့ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီရှင်သန်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ပြည်သူလူထု ရှင်သန်ရေး အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ပါတီ ရှိ၊ မရှိ ဆိုသည်မှာ ပြည်သူတို့၏ စိတ်ထဲတွင် ရှိကြောင်း ဆက်လက် ပြောဆိုခဲ့ပါသည်။

နိုင်ငံတော်အလံသစ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့ရာတွင် မိမိအနေဖြင့် လွတ်လပ်ရေးရတုန်းက အလံကို အကြိုက်ဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဆက်လက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ နောက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

မီဒီယာများနှင့် တွေ့ဆုံမှုမှာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ပြည်တွင်း မီဒီယာများမှ သတင်းထောက်၊ အယ်ဒီတာများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သတင်းထောက်များ အသင်းမှ ဌာနေ သတင်းထောက်များနှင့်အတူ နိုင်ငံတကာ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

Read More...

‘တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့'

The Voice Weekly
Saturday, 13 November 2010 15:10


ဒေါ်အောင်ဆန်းစုကြည် လူထုကို နှုတ်ခွန်းဆက်

နေအိမ်တွင် ၁၆နှစ် နီးပါးခန့် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး မကြာသေးခင် ကာလကမှ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် တရားဝင် ပါတီအဖြစ်မှ ရပ်စဲခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅ နာရီခွဲခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ရှိ ၎င်း၏နေအိမ် ခြံဝင်းရှေ့တွင် ၎င်းလွတ်မြောက်လာမှုကို စောင့်မျှော်နေကြသည့် များပြားလှသော လူထုပရိသတ်ကို ဗေဒါရောင် မြန်မာအင်္ကျီ ဝတ်ဆင်ပြီး သစ်ခွပန်း အဖြူနှင့်အနီ ပန်ဆင်ကာ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း The Voice Weekly သတင်းထောက်က အဆိုပါနေရာမှ တိုက်ရိုက် သတင်းပေးပို့သည်။

" စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူမကို လာရောက် ကြိုဆိုနေကြသော လူထုကို နှုတ်ဆက်စကား ပြောကြားသည်။

နေအိမ်အတွင်းသို့ ပြန်လည် မဝင်ရောက်မီ ဒေါ်အောင်ဆန်းစုကြည်က " စည်းကမ်း ရှိပါ၊ စည်းကမ်း ရှိကြပါ၊ စည်းကမ်းရှိကြပါ" ဟု အချင်းချင်း သတိပေး ပြောဆိုနေကြသည့် လူထုပရိသတ်ကို နောက်တစ်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ဗဟန်းမြို့နယ်၊ အနောက်ရွေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အဆောက်အအုံရှေ့တွင် ပြန်လည် ဆုံတွေ့ကြမည်ဟု ပြောဆိုသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုကြသူများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဗဟို အလုပ်အမှုဆောင် ဦးစိန်ဝင်းနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဒုတိယဥက္ကဌ ဦးတင်မောင်အေး၊ အတွင်းရေးမှူး ဦးနေမျိုးဝေတို့ အပါအဝင် ဒေါက်တာ ဖုန်းဝင်းနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပြည်ထောင်စု ဒီမိုကရေစီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း စသည်တို့အပါအဝင် နိုင်ငံရေးသမားများ နှင့် စာရေးဆရာများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ အခြားထင်ရှားသူများပါ ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နိုဝင်ဘာ ၁၃ ရက်နေ့ည နေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးလိုက်ကြောင်း လာရောက် အကြောင်းကြားခဲ့ပြီး လိုအပ်သည်များကို အကူအညီပေးရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း ည ၈ နာရီ နိုင်ငံပိုင် ရုပ်သံသတင်းများတွင် ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်တွင် စတင်၍ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် ပြန်လည်လွတ် ခဲ့သည်။ ထိုနောက် ၂ဝဝဝ ပြည့်နှစ်တွင် ပြန်လည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး ၂ဝဝ၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် လေးနှစ် ထပ်မံ ကျခံခဲ့ရပြီး တစ်နှစ်သက်တမ်း နှစ်ကြိမ် ထပ်တိုးခံခဲ့သည်။

ထိုနောက် ၂ဝဝ၉ ခုနှစ် မေလတွင် ၎င်း၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ရေကူးဝင်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် သုံးနှစ် ထပ်မံ ချမှတ်ခံခဲ့ရပြီးနောက် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

Read More...

NLD တရားဝင် ဆက်လက် ရပ်တည်ရေး ဥပဒေကြောင်း အရ ဆောင်ရွက်သွားမည်ဟု ဒေါ်စုပြောကြား

The Voice Weekly

၂ဝ၁၀ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြန်လည် မှတ်ပုံတင်ခြင်း မရှိသောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းကြောင်း တည်ဆဲအစိုးရက ကြေညာထား သော်လည်း NLD ဆက်လက်တည်ရှိနိုင်ရေးအတွက် တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက် ရန်ကုန်မြို့ ရွေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် The Voice Weekly သတင်းထောက်၏ မေးမြန်းချက်ကို ၄င်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

NLD ဖျက်သိမ်းကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည့်နောက် NLD သည် ပြည်သူ့ရင်ထဲတွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။ "ကျွန်မတို့က NLD ပါတီ ရှင်သန်ရေးအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ ပြည်သူလူထုအတွက် နိုင်ငံရေး ဆက်လုပ်သွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Read More...